၁၅.၅.၂ဝဝ၅၊ည (၇) နာရီ အချိန် အမေရိကန်နိုင်ငံတွင်
မုံလယ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူသော တရားတော်
(နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။)
(နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။)
(နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။)
တရားနာတယ်တဲ့၊ တရားအားထုတ်တယ် တရားလေ့လာတယ် ဆိုတာ မိမိခန္ဓာမှာရှိတဲ့တရားနဲ့ အသိဉာဏ်နဲ့ ထပ်သွားဖို့လိုတယ်နော်၊ရှိတဲ့တရားဆိုတာ- အာရုံနဲ့ဒွါရတိုက်ပြီးတော့ ပေါ်လာတဲ့ခန္ဓာငါးပါးကို ပြောတာပေါ့။ ဉာတပရိညာ စာအုပ်မှာ အာရုံနဲ့ဒွါရတိုက်ပြီးတော့ ပေါ်တဲ့ခန္ဓာငါးပါးကို ဖြစ်ပျက်ရှုလို့ မပါလား။ အလေးချိန် သုံးဆယ်-လေးဆယ်ရှုရင်မရဘူးပေါ့၊ အလေးချိန်သုံးဆယ်လေးဆယ်ဆိုတာ အဖေမိဘမွေးတဲ့မျက်စိနဲ့မြင်တဲ့ ခြေလက်အင်္ဂါ ကိုယ်ကောင်ကြီးကို ပြောတာနော်။ အဲဒါပညတ်ရုပ်- ပညတ်အာရုံတွေ ကြားလား။ ဝိပဿနာမထိုက်ဘူး- ရုပ်နှစ်ခုတိုက်မှပေါ်တဲ့ ခန္ဓာငါးပါးကို ဖြစ်ပျက်ရှု လို့ဟောတာ၊ စိစစ်ဖို့မကောင်းဘူးလား။ ကဲရုပ်နှစ်ခုမတိုက်ခင်မြင်တဲ့ စိတ်လေး၊ ဘယ်ဆီမှာနေတယ်လို့လက်ညှိုးညွှန်ပြခြင်းငှာ ထိုက်ကဲ့လား။ နှစ်ခုတိုက်တော့ပေါ်မလာဘူးလား။ အကောင်အထည်ဟုတ်ကဲ့လား။ အဲသည် မြင်သိစိတ်လေးဟာ ချိန်ကြည့် တစ်ပိဿာရှိတယ်၊ နှစ်ပိဿာရှိတယ်၊ ချိန်လို့ရပါ့မလား။
တစ်ရွေးသားရှိတယ်၊ နှစ်ရွေးသားရှိတယ်၊ ချိန်လို့ရရဲ့လား။ ချိန်လို့မရငြားသော်လည်း သဘောအနေနဲ့မြင်တဲ့စိတ်လေး မထင်ရှားဘူးလား။ ငါမြင်တာလား မြင်သိစိတ်။ ဟော မြင်သိစိတ်လို့မဟောဘူးလား။ မြင်သိစိတ်ဆိုတော့ ငါပါသေးရဲ့လား။ ဒိဋ္ဌိပြုတ်ပြီကွဲ့။ အဲလို စိစစ်ဖို့ မကောင်းလား။ အဲဒါ အလုပ်ပေးတာတွေ အလုပ်ပေးတယ်လို့ မသိကြ။ ဟင် စဉ်းစားဖို့ မကောင်းလား။ သတိပဋ္ဌာန် တရားလေးပါးမှာ စိတ္တာနုပဿနာ သတိပဋ္ဌာန် မဟောဘူးလား။ ကာယာနုပဿနာ။ဝေဒနာသတိပဋ္ဌာန်၊ဓမ္မာသတိပဋ္ဌာန်လို့ သတိပဋ္ဌာန် တရားလေးပါး။ ဒိဋ္ဌိစရိုက် အားကောင်းတဲ့ပုဂ္ဂိုလ် စိတ္တာနုပဿနာရှု မဟောဘူးလား။ ဒိဋ္ဌိစရိုက် အားကောင်းတဲ့ပုဂ္ဂိုလ် စိတ္တာနုပဿနာ ရှု။ ရာဂအားကောင်းတဲ့ပုဂ္ဂိုလ် ကာယာနုပဿနာ ရှု။ တဏှာအားကောင်းတဲ့ပုဂ္ဂိုလ် ဝေဒနာနုပဿနာ ရှု။ ပညာအားကောင်းတဲ့ပုဂ္ဂိုလ် ဓမ္မာနုပဿနာ ရှု။ မြင်သိစိတ် ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ်၊ ထိသိစိတ်၊ ကြံသိစိတ်၊ ဒါတော့ ဒိဋ္ဌိဘယ်လိုဝင်တာလဲ။ ငါ မြင်တယ်၊ ငါကြားတယ်၊ ငါနံတယ်၊ ငါစားတယ်၊ ငါထိတယ်၊ ငါသိတာပေါ့။ ဒါတော့ ငါမြင်တာလား၊ မြင်သိစိတ်။ မြင်သိစိတ်ဆိုတော့ ငါပါရဲ့လား။ ဟော ငါမပါ ဘူးကွဲ့။ မြင်သိစိတ်က သက္ကာယ၊ သက္ကာယဘဲဟုတ်တယ် ။ငါမပါဘူး။ ဒိဋ္ဌိမပြုတ်ဘူးလား။
ငါမြင်တယ် ၊ ငါကဒိဋ္ဌိ ။မြင်သိစိတ်က သက္ကာယ။သက္ကာယဒိဋ္ဌိဖြစ်ပြီ။ မြင်သိစိတ်ဆိုတော့ ငါပါသေးရဲ့လား။ ဒိဋ္ဌိမပြုတ်ဘူးလား။ မြင်သိစိတ်။ ကြားသိစိတ်၊ နံသိစိတ်၊ စားသိစိတ်၊ ထိသိစိတ်၊ ကြံသိစိတ်ဆိုတော့ ငါမပါဘူး။ ငါမြင်တယ်၊ ငါကြားတယ်၊ ငါနံတယ်၊ ငါစားတယ်၊ငါထိတယ်၊ ငါသိတယ်ဆိုရင် သက္ကာယဒိဋ္ဌိဖြစ်ပြီ။ ကဲ မြင်တာ ငါမြင်တာလား မြင်သိစိတ်။ တဝိညာဏ်တည်း မြင်သိလို့ ဖြစ်ကဲ့လား။ မဖြစ်ရင် သူနဲ့ သဟဇာတ ဖြစ်တဲ့ဝေဒနာ၊ သညာ၊ စေတနာ မပါလား။ အဆင်းလို့ ခံစားတာ လူလား၊ ဝေဒနာ။ နတ်လား၊ ဝေဒနာ။ ဗြဟ္မာလား၊ ဝေဒနာ။ အဆင်းလို့ မှတ်တာ လူ၊နတ်၊ဗြဟ္မာ လား သညာ။ခံစားနိုင်အောင် စေ့ဆော်တာ သူလား၊ငါလား စေတနာ။ ဝေဒနာ၊ သညာ၊ စေတနာ သုံးခုပေါင်းတော့ နာမက္ခန္ဓာလေးပါး မပြည့်လား။ ကဲ လူ၊နတ်၊ဗြဟ္မာ လား နာမက္ခန္ဓာလေးပါး။ ထင်တာက လူ၊နတ်၊ဗြဟ္မာ တွေ့တာက နာမက္ခန္ဓာလေးပါး။ တွေ့တာနဲ့ ထင်တာနဲ့ ပိုင်းခြားဖို့မလိုလား။ ဉာတပရိညာဗျား။စဉ်းစား။ ဒါဉာတပရိညာ။ မျက်စိအကြည်ကား ငါဟုတ်ကဲ့လား။ ရူပါရုံအဆင်းကား ငါဟုတ်ကဲ့လား။ ခန္ဓာဖွဲ့ကြည်တော့ ရူပက္ခန္ဓာမရလား။ နာမက္ခန္ဓာလေးပါးနဲ့ ရူပက္ခန္ဓာပေါင်း။(ခန္ဓာငါးပါးပါဘုရား) မျက်စိမှာပေါ်တာ၊ ဒါ သက္ကာယလို့ မဟောဘူးလား။ ကဲ ဒိဋ္ဌိ မပြုတ်လား။ အဲဒါ လိုတာဗျို့ ကြားလား။
ကဲ မြင်သိစိတ် စဉ်းစားဖို့ ကောင်းတယ်နော်- လေ့လာဖို့မကောင်းဘူးလား။ မြင်ဆဲ၊ လူ၊နတ်၊ဗြဟ္မာ လား၊ ခန္ဓာငါးပါး။ ကြားဆဲ မြို့ရွာတိုင်းပြည်လား ခန္ဓာငါးပါး။ ခန္ဓာငါးပါးလို့သိရင် အဲဒီခန္ဓာငါးပါးတရားအပေါ်မှာ လူ၊နတ်၊ဗြဟ္မာ သတ္တဝါလို့ အမှတ်မှား အသိမှား အယူအဆမှားတွေ မပျောက်ဘူးလား။အမှန်သိတော့အမှားပျောက်တယ်နော်။ ဒီလိုဆိုရင် သက္ကာယဒိဋ္ဌိပြုတ်တာပေါ့။ မပြုတ်ဘူးလား။ မြင်ပြီးတော့မပျက်လား။ အပျက်ကိုသိတော့ခိုင်တယ်မြဲတယ်လို့ ယူဦးမလား။ သဿတဒိဋ္ဌိမပြုတ်ဘူးလား။ နောက်ခန္ဓာအစားထိုးတာသိတော့ ဘဝပြတ်တယ်လို့ ယူဦးမလား။ ဥစ္ဆေဒအယူမပြုတ်လား။ ခန္ဓာငါးပါး လို့သိတော့ သက္ကာယဒိဋ္ဌိပြုတ်ပြီ။ သဿတဒိဋ္ဌိ ၊ဥစ္ဆေဒဒိဋ္ဌိ- သက္ကာယဒိဋ္ဌိ ပြုတ်ရင် သောတာပန်ပေါ့။ သောတာပန်ဖြစ်ရင် ချမ်းသာအစစ်ကိုရပြီ။ ဘယ်လောက်ထိချမ်းသာသလဲ စိစစ်ဖို့မကောင်းလား။ အမေရိကန်တိုင်းပြည် တစ်ပြည်လုံးမှာရှိတဲ့ ရွှေ၊ငွေ၊ကျောက်၊ သံ၊ ပတ္တမြား ၊ဆန်၊ရေ၊စပါး တစ်ပြည်လုံးမှာရှိတဲ့ ရွှေ၊ငွေ၊ကျောက်၊ သံ၊ ပတ္တမြား နဲ့ တမဂ်တဖိုလ်ရတဲ့ အသိဉာဏ်နဲ့ လဲနိုင်ပါ့မလား တစ်ပြည်လုံးမှာ ရွှေတွေ၊ငွေတွေ၊ ကျောက်၊သံ ပတ္တမြား၊ ဆန်ရေစပါးတွေ မအိုအောင် တတ်နိုင်ရဲ့လား။ မနာအောင် တတ်နိုင်ရဲ့လား။ မသေ အောင် တတ်နိုင်ရဲ့လား။ အို-နာ-သေမလွတ်ဘူး။
တမဂ်တဖိုလ်ရတဲ့ အသိဉာဏ်က အပါယ်ကလွတ်၍၊ လွတ်၍မနေဘူးလား။ ဆက်ပြီးတော့ ကြိုးစားရင် သောတာပန်က သကဒါဂါမ်၊ သကဒါဂါမ်က အနာဂါမ်၊ အနာဂါမ်က ရဟန်းကိစ္စမပြီးဘူးလား။ ကဲ-အဲဒါ ကြောင့်မို့လို့ အင်မတန်ကျေးဇူးကြီးမားလှတဲ့ အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီးက တရားသိဖို့ နံပါတ်တစ်၊ စားဝတ်နေရေး ရှာဖို့ နံပါတ်နှစ်၊ ခဏ ခဏ သတိပေးလို့ မဟောလား။ တရားသိဖို့ နံပါတ်တစ်၊ လှူဖို့တန်းဖို့ နံပါတ်နှစ် မဟောဘူးလား။ သိပြီးတော့၊ သစ္စာသိပြီးတော့ လှူတဲ့အလှူနဲ့ သစ္စာမသိဘဲနဲ့ လှူတာတူပါ့မလား။ မတူလို့ သမုဒယကြောင့် ဒုက္ခလို့ မဟောလား။ အဲဒါ သမုဒယကြောင့်၊ ဒုက္ခ။ ဒါကို ပုညာဘိသင်္ခါရ တပ်ရတယ်။ ဒါနကုသိုလ်သီလကုသိုလ်။ ဘာကြောင့် မင်းဒါနပြုတာလဲ၊ ဘာကြောင့် သီလဆောက်တည်တာလဲ။ လူချမ်းသာ ဖြစ်ချင်လို့ - နတ်ချမ်းသာ ဖြစ်ချင်လို့ လှူတယ်၊ သီလ စောင့်ထိန်းတယ် မပြောရဘူးလား။ ဒါ ပုညာဘိသင်္ခါရ- အဲဒီပုညာဘိသင်္ခါရ ကြောင့် လူခန္ဓာ၊နတ်ခန္ဓာရတယ်- လူခန္ဓာ-နတ်ခန္ဓာရ အို၊နာ၊သေ လွတ်ကဲ့လား။ ဘာသစ္စာလဲ ။ ချမ်းသာ အစစ်ဟုတ်ကဲ့လား။ ချမ်းသာ အစစ်မဟုတ်ဘူးကွဲ့နော်။ သို့သော် စဉ်းစားစရာ သစ္စာတရား၊ ခန္ဓာတရား၊ ပဋိစ္စသမုပ္ပါဒ် တရားကို ဟောသူ ၊ပြောသူ မရှိဘူးပေါ့။
သစ္စာတရားဟောမည့် ပုဂ္ဂိုလ်မရှိ၊ ပဋိစ္စသမုပ္ပါဒ် ဟောမည့် ပုဂ္ဂိုလ်မရှိ၊ ခန္ဓာတရားဟောမည့် ပုဂ္ဂိုလ်မရှိဘူးဆိုရင် ကိုယ်လာတဲ့လမ်း ဒါနမပြုရဘူးလား၊ သီလမဆောက်တည်ရဘူးလား။ ဒါနလည်းမပြု -သီလလည်းမဆောက်တည်ဘူးဆိုရင် အပါယ်တစ်လမ်း သွားပေါ့ ။ အဲသည့် ဒါနကုသိုလ်၊ သီလကုသိုလ်ကြောင့် လူ့အဖြစ်ကို မရလား။ ဖြစ်တဲ့ဘဝ စားရ သောက်ရတာ ဒါနပေါ့၊ လူဖြစ်တာသီလ-မလုပ်ရပေဘူးလား။ လုပ်ရမယ်။ သစ္စာတရားဟောတဲ့ပုဂ္ဂိုလ်၊ ခန္ဓာဟောတဲ့ပုဂ္ဂိုလ်၊ ပဋိစ္စသမုပ္ပါဒ် ဟောတဲ့ပုဂ္ဂိုလ်ရှိရင် သည်တရားငါမသိ မနေဘူး၊ ကြိုးစားအားထုတ်ဖို့ မကောင်းလား။ ကြိုးစားအားထုတ် ရမယ်နော်။ ကြိုးစားအားထုတ်လို့ တရားသိပြီဆိုတော့ သိပြီးတော့ လှူတဲ့အလှူ ၊ သစ္စာမသိဘဲနဲ့လှူတာက လောဘ ကိလေသာ-သစ္စာ သိပြီးတော့ လှူတဲ့အလှူက မဂ္ဂသစ္စာ၊ အလောဘ။ သစ္စာသိရင် ဆင်းရဲတဲ့တရားနဲ့ နေ့စဉ်နဲ့တကွ နေရတယ်။ အဲဒီ ဆင်းရဲထဲက လွတ်ချင်လို့ လှူတယ်ဒါန်းတယ်ဆိုတော့ သမုဒယလား- မဂ္ဂ။မဂ္ဂသစ္စာ။သိလို့ လှူတာ၊အဲဒါ စာကဝဋ္နဒါန မဟောဘူးလား။ ဝဋ္နသီလ- ဝဋ္နသမထ-ဝိဇ္ဇာဦးစီးပြီးတော့ လှူတာ။ ပညာဦးစီးပြီးတော့ လှူတာ၊ သတိ-ပညာလို့မဟောဘူးလား။ သတိ- ပညာ ၊အဲသည့် သစ္စာမသိဘဲနှင့်လှူတဲ့ ပုဂ္ဂိုလ်က လူခန္ဓာ- လူချမ်းသာရချင်တာ- နတ်ချမ်းသာရချင်တာ။
ဗြဟ္မာချမ်းသာရချင်တာ။ လှူတာပုညာဘိသင်္ခါရ အဲသည်သင်္ခါရကြောင့် ကဲ သင်္ခါရ ပစ္စယာ ဝိညာဏံလို့ မဟောဘူးလား။ လူဝိညာဏ်၊ နတ်ဝိညာဏ်၊ ဗြဟ္မာဝိညာဏ်- လူခန္ဓာ၊နတ်ခန္ဓာ၊ဗြဟ္မာခန္ဓာ ခန္ဓာ မရဘူးလား။ အို-နာ-သေ လွတ်ကဲ့လား။ ဘာသစ္စာလဲ။ (ဒုက္ခသစ္စာပါဘုရား)
ဒါ သမုဒယ-ဒုက္ခပေါ့၊ ဒါတော့ သိလို့လှူတော့ကာ့ မဂ္ဂနိရောဓလို့ မဟောဘူးလား။ ခန္ဓာကလွတ်ချင်လို့လှူတာ- ကျွတ်ချင်လို့လှူတာ။ အဲဒါမဂ္ဂနိရောဓ ဒါ ဝဋ္နဒါနလို့ ခေါ်တယ်။ ဝိဇ္ဇာဉာဏ်ဦးစီးတယ်၊ အဲလို လေ့လာဖို့မကောင်းလား- တရားသိလို့ ဘယ်လောက်များ ချမ်းသာသလဲ။ သို့သော် ”ကမ္မံ ဝိပါကဿ ”ဝဋ်တရားကရှိတယ်၊ ဝိပါကဝဋ် အကျိုးပေးက ကျန်တဲ့ပုဂ္ဂိုလ် စားစရာမရှိဘူး။ တရားကသိထားတယ်။ တရားသိတော့ ဘယ်နှယ့်ကြောင့် ဆင်းရဲတာလဲ ။
အတိတ်ကပြုခဲ့တဲ့ ဝိပါကဝဋ်ကမှီ လွတ်ပါ့မလား။ မလွတ်ဘူး။ ငရဲအပ ဝဋ်ကိုအမြဲ၊ အဲသည့်ဝဋ်ကရှိတယ်။ရှိတော့ စား၊ဝတ်၊နေရေးမပြေ။မပြေငြားသော်လည်း ဒေါသဖြစ်သေးရဲ့လား။ အကြောင်းအကျိုးသိတယ်နော်၊ အကြောင်းရှိတော့ အကျိုးတရားတွေပေါ်တယ်လို့ သိလို့ ဒေါသဖြစ်ကဲ့လား။ချမ်းသာတယ်တဲ့။အဲသည့်အ
ငတ်ပြဿနာကို ရင်ဆိုင်တာက နှစ်ပေါင်းနှစ်ဆယ်၊နှစ်ပေါင်းနှစ်ဆယ်စေ့တဲ့အခါ ဝဋ်ကြွေးကကျေသွားပြီ။
ဝဋ်ကြွေးကျေတဲ့အခါ မိတ်ဆွေတစ်ယောက်က ထီတစ်စောင်ပေးတာ သိန်းသုံးရာပေါက်လာတာ၊ ကဲအကုသိုလ်ဝိပါကဝဋ်ကုန်သွားတော့ ကုသိုလ်ကံလှည့်မလာဘူးလား။ လောဘဖြစ်သေးရဲ့လား။ သြော် စားဝတ်နေရေးမပြေတော့ကာလည်း ဒေါသဖြစ်ရဲ့လား။ ထီပေါက်ပြန်တော့လည်း လောဘဖြစ်ရဲ့လား။ အဲလို အကြောင်း၊အကျိုးကို သိတယ်ဗျား။ သိတော့ပယ်တာ။ ကိလေသာဝင်ခွင့်ရလား။ အဲဒါ ဘယ်လောက်များ။ အဲလိုသိမှ ချမ်းသာတာ။ အဲလိုမသိရင် --စားစရာမရှိရင် မဖြစ်ဘူးဟေ့အငတ်ခံလို့။ ခိုးစားဦးမှာ။ တံငါ မုဆိုးလုပ်ဦးမှာ၊ လာပြီ၊ ဖောက်ပြန်လာပြီ၊ သိတဲ့ပုဂ္ဂိုလ်က ခိုးပါမလား။ ခန္ဓာကိုယ်သာ အသတ်ခံမယ်၊ သီလကိုမစွန့်ဘူးကွဲ့။ နစဇာမိ သီလကို မစွန့်တော့ဘူး။ ကြားလား။ သမုစ္ဆေဒသီလ ရတဲ့ပုဂ္ဂိုလ် ကမြဲသွားပြီဗျ။ ဒီလိုလေ့လာဖို့ မကောင်းဘူးလား။ စဉ်းစား-စဉ်းစား။ စဉ်းစားတာ အလုပ်လုပ်တယ်လို့ခေါ်တယ်။ မကြားစဖူးကြားဖူး ထပ်မံ တရားနာ၊ တရားအားထုတ်တာ။တရားဆိုတာ မှန်တာ ဟောရတာ၊ အမှန်သိရင် အမှားပျောက်တယ်ဆိုတာကြားဘူးရဲ့လား(ကြားဘူးပါတယ်ဘုရား)ကဲ ခု ဘုန်းကြီးကိုမမြင်ဘူးလား။ မြင်တယ်နော်။ အဲဒါ ဘုန်းကြီးရှိသမျှ ကာလပတ်လုံးကတော့ ဘုန်းကြီးကိုမြင်နေရင်၊ ဒိဋ္ဌိ့မပြုတ်တော့ဘူး။ ဒိဋ္ဌိဖြုတ်တော့မှာမဟုတ်ဘူး။
စဉ်းစား-ဒါတော့ လက်တွေ့၊ မျက်တွေ့တရားဆိုတာ မှန်တာကို ဟောရတာဟေ့။ စဉ်းစားနော်။ ကဲ မေးမယ်၊ အဲဒါကိုင်ကြည့်စမ်း ဘုန်းကြီးလား ဦးခေါင်း။ထင်တော့ ဘုန်းကြီးလို့မထင်လား။ အခုဟာတွေ့နေတာ ဘုန်းကြီးလား ဦးခေါင်းလား။ ဦးခေါင်းပဲတွေ့တယ်။ ကဲ ဒါ ဘုန်းကြီးလား မျက်နှာလား။ ဘုန်းကြီးလား ပါးလား။ ဘုန်းကြီးလား နှာခေါင်းလား။ ဘုန်းကြီးလား နားလား။ ဘုန်းကြီးလား နှုတ်ခမ်းလား။ ဘုန်းကြီးလား သွားလား။ ဘုန်းကြီးလား ပါးစပ်လား။ ဘုန်းကြီးလား မေးစေ့လား။ ဘုန်းကြီးလား လည်ပင်းလား။ ဘုန်းကြီးလား လည်ဂုတ်လား။ ဘုန်းကြီးလား ကျောလား။ ဘုန်းကြီးလား ရင်ဘတ်လား။ ဘုန်းကြီးလား ပုခုံးလား။ ဘုန်းကြီးလား လက်လား။ ဘုန်းကြီးလား ခါးလား။ ဘုန်းကြီးလား ပေါင်လား။ ဘုန်းကြီးလား ခြေသလုံးလား။ ဘုန်းကြီးမတွေ့ပါတကားဟေ့၊ ဟင်- အခု ပြောတာမှန်တာ ဟောတာ၊ အမှန်သိ အမှားပျောက်တယ်ဆို။ တရားဟောလည်း တရားမှန်းမသိတာ ခက်တယ်ဟဲ့။ ဘုန်းကြီးတွေ့တာလား သုံးဆယ့်နှစ် ကောဋ္ဌာသတွေ့တာလား၊ ဟော သုံးဆယ့်နှစ် ကောဋ္ဌာသတွေ့တယ်။ အဲဒါ သမ္မုတိသစ္စာ၊ ပညာမြင်ပရမတ္ထသစ္စာ အပေါင်း။ ဦးခေါင်းထင်လို့ ကိုင်စမ်းကြည့်၊ ဦးခေါင်းတွေ့လား မာတာတွေ့မလား။ နဖူးထင်လို့ ကိုင်စမ်းကြည့်၊ နဖူးတွေ့လား မာတာတွေ့မလား။
ပါးထင်လို့ ကိုင်စမ်းကြည့်၊ပါးတွေ့မလား ပျော့တာတွေ့မလား။ နှာခေါင်းထင်လို့ ကိုင်စမ်းကြည့်၊ နှာခေါင်းတွေ့မလား ပျော့တာတွေ့မလား။ နားထင်လို့ ကိုင်စမ်းကြည့်၊ နားတွေ့လား ပျော့တာတွေ့လား။ အဲဒီလိုဆံဖျားက ခြေဖျားအရောက် ကိုင်စမ်းကြည့်၊ ခြေဖျားက ဆံဖျားအရောက် ကိုင်တာ အနုလုံပဋိလုံ၊ မာတာနဲ့ ပျော့တာတွေ့မယ်။ သုံးဆယ့်နှစ် ကောဋ္ဌာသတွေ့သေးရဲ့လား။တွေ့တာက သုံးဆယ့်နှစ် ကောဋ္ဌာသလား၊ မာတာပျော့တာလား။ မာတာပျော့တာနော်။ သုံးဆယ့်နှစ် ကောဋ္ဌာသလည်းမတွေ့ ၊ဘုန်းကြီးလည်းမတွေ့။ဘုန်းကြီးမတွေ့ လူကောတွေ့ပါ့မလား။ လူမတွေ့ နတ်ကားတွေ့ရဲ့လား။ ဗြဟ္မာကားတွေ့ရဲ့လား။ဘာဖြစ်လို့ မတွေ့တာလဲ။မရှိဘူး။ဒါ မရှိတာ။ ဘယ်လိုစွဲမှာလဲ။မရှိရင် အစွဲဖြုတ်တာမဟုတ်လား၊ အမှန်သိတော့ အမှားပျောက်တယ်လို့ မဟောလား။ ကဲ အမှန်သိပြီကွဲ့။ သုံးဆယ့်နှစ် ကောဋ္ဌာသတွေ့သေးရဲ့လား။တွေ့တာက မာတာပျော့တာ၊ မာတာပျော့တာသိတာ သူ၊ငါလား၊ ကာယဝိညာဏ်။ တစ်ဝိညာဏ်တည်းထိလို့ သိလို့ဖြစ်ကဲ့လား။မဖြစ်။ သူနဲ့ သဟဇာတဖြစ်တဲ့ ဝေဒနာ၊သညာ၊စေတနာ မပါလား။ မာတယ်လို့ ခံစားတာ၊ ပျော့တယ်လို့ ခံစားတာ သူလား၊ ဝေဒနာ။ နတ်လား၊ ဝေဒနာ။ ဗြဟ္မာလား၊ ဝေဒနာ၊ ဝေဒနာ။ လူ၊နတ်၊ဗြဟ္မာ မတွေ့ဘူး။ ဝေဒနာပဲ တွေ့တယ်။
မာတယ်၊ ပျော့တယ် မှတ်တာ လူလား၊ သညာ။ နတ်လား၊ သညာ။ ခံစားနိုင်အောင် စေ့ဆော်တာ၊ မှတ်နိုင်အောင်စေ့ဆော်တာ သူ၊ငါလား၊ စေတနာ။ ဝေဒနာ၊သညာ၊ စေတနာသုံးခုပေါင်းတော့ နာမက္ခန္ဓာလေးပါးမပြည့်လား။ ဤလေးပါးပြည့်စုံတော့ထိသိစိတ် မဖြစ်ဘူးလား။ လူ၊နတ်၊ဗြဟ္မာလား နာမက္ခန္ဓာလေးပါး။ နာမက္ခန္ဓာလေးပါး ကာယအကြည်ကား လူဟုတ်ကဲ့လား။ မာမှု၊ပျော့မှုကား လူဟုတ်ကဲ့လား။ ခန္ဓာဖွဲ့ကြည့်တော့ ရူပက္ခန္ဓာမရလား။ နာမက္ခန္ဓာလေးပါးနဲ့ ရူပက္ခန္ဓာပေါင်း။(ခန္ဓာငါးပါးပါဘုရား)
အဲဒါကိုယ်မှာတွေ့တာ။ တရားပျောက်တော့ ကိုယ်မှာရှာ၊ ကိုယ်မှာရှာတော့တရားတွေ့တယ်၊ မဟောလား။ လူတွေ့တာလား ခန္ဓာငါးပါး။ နတ်တွေ့ တာလား ခန္ဓာငါးပါး။ ဗြဟ္မာတွေ့တာလား ခန္ဓာငါးပါး။ သုံးဆယ့်နှစ် ကောဋ္ဌာသတွေ့တာလား။ ခန္ဓာငါးပါးလား။ ခန္ဓာငါးပါးချုံ့ကြည့် နာမ်နဲ့ ရုပ်ပေါ့ ၊ အမှန်သိပြီ။ အဲဒါယုံကြည်ဖို့ လိုတယ်ဗျား။ ယုံကြည်မှု လိုတယ် အမှန်သိပြီ။ ခန္ဓာပဲတွေ့တယ်။ချုံ့ကြည့်ရင် နာမ်နဲ့ရုပ်ပဲတွေ့တယ်။ လူမတွေ့၊ နတ်မတွေ့၊ ဗြဟ္မာမတွေ့ သုံးဆယ့်နှစ် ကောဋ္ဌာသမတွေ့။ ဘာကြောင့် မတွေ့တာလဲ။ မရှိဘူးလို့ ယုံကြည်ဖို့မလိုဘူးလား။ ယုံကြည်ရင်ရာဂ၊ဒေါသ၊ မောဟဖြစ်ပါ့မလား။ မဖြစ်တော့ဘူး။
ယုံကြည်၊ ကျန်းမာ စိတ်ဖြောင့်စွာနှင့် လွန်စွာအားထုတ် နာမ်နဲ့ရုပ်ကို ဖြစ်ချုပ်ဉာဏ်မြင် ဤငါးအင် မှန်ပင်မဂ်ရကြောင်းလို့ မဟောဘူးလား။ မနက်စာအားထုတ် ညနေရတယ်။လို့ မိုးကုတ် ဆရာတော်ဘုရားကြီး တိပ်ခွေက မဟောဘူးလား။ ညနေအားထုတ် မနက်စာရတယ်လို့မဟောဘူးလား။ ကြာရင် ခုနှစ်ရက် ကြာရင် ခုနှစ်ရက်နော်။ အခုတစ်လနေလည်း မတွေ့ ၊တစ်နှစ်ကြာလည်း မပေါ်၊ သုံးနှစ်ကြာလည်း မသိ၊ ယုံကြည်မှုမရှိ။ ကြားလား။ ယုံကြည်မှုမရှိဘူး။ စဉ်းစား။အဲဒီလို စီစစ်ဖို့လိုတယ်။ ကဲဒိဋ္ဌိပြုတ်ပြီ။ ဒါယုံကြည်ရင်၊ သိ၊ပယ်လို့ မဟောဘူးလား။ သိပြီ ခန္ဓာကို သိပြီ။ ခန္ဓာသိတဲ့အတွက် လူစွဲဒိဋ္ဌိ ၊ နတ်စွဲဒိဋ္ဌိ ၊ ဗြဟ္မာစွဲဒိဋ္ဌိပြုတ်တာဗျား။ ဒိဋ္ဌိပြုတ်တဲ့ ပုဂ္ဂိုလ်-ကာယကံနဲ့ပတ်သက်တဲ့ အကုသိုလ်လုပ်ဦးမလား။ ပါဏာတိပါတာ၊အဒိန္နာဒါနာ ၊ကာမေသုမိစ္ဆာစာရ အဲဒီကံတွေ ပြုဦးမလား။ သက္ကာယဒိဋ္ဌိ ပြုတ်တဲ့ပုဂ္ဂိုလ် ဝစီကံနဲ့ပတ်သက်တဲ့ အကုသိုလ် မုသာဝါစာ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပလာပ ပြောဦးမလား။ သက္ကာယဒိဋ္ဌိ ပြုတ်တဲ့ပုဂ္ဂိုလ် မနောကံနဲ့ ပတ်သက်တဲ့ အဘိဇ္ဈာ၊ဗျာပါဒ၊မိစ္ဆာဒိဋ္ဌိ ပြုဦးမလား။ ကဲ ဒါကြောင့်မို့် ရှေးဆရာတော် ၊ သမားတော်တွေ သက်သတ်ခိုးမှု ကာမေသု၊ မုသားမိစ္ဆာ၊ ကင်းပြတ်ကွာ။ မှတ်ပါ သောတာပန်တဲ့ကွဲ့။
က်ပြီးတော့ ကြိုးစားမယ်ဆိုရင် ဓမ္မာဒိန္နာကဲ့သို့၊ မယ်ပဋာကဲ့သို့ သောတာပန်က သကဒါဂါမ် ၊သကဒါဂါမ်က အနာဂါမ်၊ အနာဂါမ်က ရဟန်းကိစ္စ ပြီးမသွားဘူးလား။ ဘယ်လောက်များ အားရစရာမကောင်းဘူးလား။ ဘယ်လောက်များ အားရစရာကောင်းသလဲနော်။ အဲလိုစီစစ်ဖို့မကောင်းဘူးလား။ လေ့လာလေ့လာ အဲဒါလိုရင်းအချက်တွေ။ ဒါတော့ ဘာတွေလိုသလဲ။ အရှိနဲ့အသိနဲ့ထပ်ရင် ကိုယ်ထင်ခဲ့တာတွေ တွေ့ဦးမလား။-အရှိနဲ့အသိနဲ့ထပ်ဖို့ လိုတာနော်၊အခု တွေ့တာ လူနတ်ဗြဟ္မာလား နာမ်နဲ့ရုပ်လား။ လူနတ်ဗြဟ္မာမတွေ့တာ ရှိလို့လားမရှိလို့။ နာမ်ရုပ်ပဲတွေ့တယ်။ဒါ ဉာတပရိညာ ၊ဒါ အမှန်သိပြီ ဆက်ပြီးတော့ကြိုးစား၊ ရုပ်တရားကြီးကိုပြန်စိစစ်။ ထိထိမိမိ လေ့လာဖို့၊ ဘယ်လိုတွေလေ့လာရမှာလဲ။ ကိလေသာဖြစ်တာ မဖြစ်တာစိစစ်ဖို့လိုတယ်။ ဥပမာအားဖြင့်၊ အမျိုးသမီးလေးတယောက် အမျိုးသားလေးနဲ့ ဘဝရေစက်ဆုံပြီးတော့ လင်မယားဖြစ်လာကြတယ်။ ခုနှစ်နှစ် ရှစ်နှစ်လောက်ပေါင်းသင်း ဆက်ဆံပြီးတော့၊ သားသမီးလေးငါးယောက် လောက်မွေးလာတယ်။ စားဝတ်နေရေးကမပြေ၊အစားတွေကတိုး အလုပ်ကလျှော့၊ အစားတွေကတိုး အလုပ်ကလျှော့ လင်မယား ရန်ဖြစ်တော့တာ။ ယောက်ျားလည်း လုပ်ရတာပင်ပန်းလို့ခံပြင်းပြီ။ ဥစ္စာဖြိုစားဖိုက။ ဥစ္စာဖြိုစားဖိုက၊ မီးဖိုက အားကြီးသုံးတာ။
မယားကလည်း မသုံးပဲနဲ့အသုံးလို့ပြောတော့- မောင်ရယ် ဖျင်းလို့ အရှေ့အိမ်က ကိုဝတို့ကြည့် စားအိုးဆယ့်နှစ်ယောက်ရှိတယ်။ ငါတို့က ခုနှစ်ယောက်ရှိသေးတာ၊ သူတို့စားတာကြည့်စမ်း၊ မောင်ကဖျင်းလို့။ခံပြင်းတော့တာရန်တွေ့ပြီ။ လင်မယား ရန်တွေ့တာ ကွဲကြတော့တာဟေ့။ လင်မယားကွဲတာ ချစ်လို့လား၊ မုန်းလို့လား။ မုန်းလို့။ နှစ်လ၊ သုံးလကြာတော့ မိန်းမဘက်ကဆွေမျိုး ယောက်ျားဘက်ကဆွေမျိုး မိတ်သင်္ဂဟတွေ ကဲ ပြန်စေ့စပ်ရအောင်ဟေ့။မင်းကမိန်းမဘက်က တာဝန်ယူ၊ ငါက ယောက်ျားဘက်က တာဝန်ယူမယ်၊ ရေလည်ပတ်လည်ပြောရတာ။ မင်းတို့ရန်တွေ့တာ ဘယ်နှစ်ကြိမ် ရှိပြီလဲ။အခု တကြိမ်။ ငါတို့ လေးကြိမ် ရှိပြီကွဲ့။ ခုမှနေသားကျသွားတာ၊ မင်းတို့ တစ်ကြိမ်တစ်ခါတော့ သည်းခံဦးမှပေါ့၊ ငါတို့ လေးကြိမ်ရှိပြီ၊ ခုမှနေသားကျတာ။ တစ်ကြိမ်တစ်ခါတော့ သည်းခံမှပေါ့။ မင်းတို့ ထမင်းစားတဲ့အခါ လျှာနဲ့သွားမကိုက်မိဘူးလား-ဘာဖြစ်လို့ကိုက်တာလဲ။ မတော်လို့ဗျာ အခုလည်း မတော်လို့ဖြစ်တာ သည်းခံဦးမှ။ အဲဒီလို ရေလည်အောင်ပြောတော့ကား ပြေပြစ်မသွားဘူးလား။ လင်မယားပြန်ပြီးတော့ မပေါင်းမိဘူးလား။ အဲသည့် အမျိုးသမီးနဲ့ အမျိုးသားမှာ မုန်းစရာပါရင် ပြန်ပေါင်းလို့ရ-မရ။ မုန်းစရာပါသလား၊
-ချစ်စရာသာပါမယ်ဆို၊အမျိုးသမီးနဲ့ အမျိုးသားမှာ ချစ်စရာပါရင် ရန်တွေ့တယ်လို့ ဘယ်တော့မှမရှိဘူး။ ချစ်စရာကားပါရဲ့လား။ ချစ်စရာမပါလို့ရန်တွေ့တာ၊ ဟင်-ချစ်စရာပါ ရန်တွေ့ပါ့မလား။ မုန်း--- လင်မယားကွာတယ်ဆိုတာ။ ချစ်လို့လား-မုန်းလို့လား။ မုန်စရာပါရင် ပြန်စေ့စပ်လို့ရပါ့မလား။ မုန်းစရာမပါဘူး။ သူ့စိတ်ကလုပ်တာ မုန်းတာ၊ ချစ်တာ သူ့စိတ်ကလုပ်တာ။ အဲဒီစိတ်ကို မြင်အောင်ကြည့်။ အဲဒီစိတ်ကိုမြင်ဖို့လိုတယ် စဉ်းစားဖို့မကောင်းလား။ အဲဒီစိတ်က ဘာနဲ့တူသလဲ။ အိပ်မက်ပမာဏ။ အိပ်မက်ထဲမှာ ရွှေအိုးရလို့ မက်တဲ့ပုဂ္ဂိုလ်တွေမရှိဘူးလား။ သိန်းထီပေါက်လို့မက်တဲ့ပုဂ္ဂိုလ်တွေမရှိဘူးလား ။မနိုးခင်ကြား စိတ်ကူးမယဉ်လား။ စိတ်ကူးယဉ်တာကွဲ့။ အမေရိကန်ဒေါ်လာ တစ်သိန်းလောက်ပေါက်ကြည့် ၊တစ်သိန်းဆုလေ။ ကဲ မနိုးခင်ကြား တိုက်ဆောက်ဖို့အစီအစဉ် မချဘူးလား။ ကားကဘယ်ကားဝယ်မယ်၊ ဘယ်ဟာ ဘယ်လိုလုပ်မယ်၊ အချိုးကဘယ်လို။ လက်သမားတွေငှား၊ ပန်းရံတွေငှား၊ စိတ်ကူးတွေ။ အဲဒီထဲ ဘွားခနဲ နိုးသွားတော့တာ။ ကိုယ့်စိတ်ကူးအတိုင်း ဖြစ်ကဲ့လား။ ကဲ ဒါ တစ်ကယ်ရှိလို့လား၊ မရှိလို့လား။ ကဲခု မုန်းစိတ်၊ ချစ်စိတ် သူ့စိတ်မှာဖြစ်တာ အိမ်မက်ပမာဏ၊ မျက်လှည့် ပမာဏ၊ တစ်ကယ်ရှိတဲ့တရား ဟုတ်ကဲ့လား။
အဲဒီလို စဉ်းစားဖို့ မကောင်းလား။ ဒီလိုဆိုရင် ရာဂ၊ ဒေါသ၊ မောဟ ဖြစ်ဖို့လိုသေးသလား။ အဲဒါကြောင့် ချစ်စရာမပါ၊ မုန်းစရာ မပါတာ ယုံရဲ့လား။ ယုံရင် မြင်တိုင်းမြင်တိုင်း၊ နိဗ္ဗာန် တဒိုင်းဒိုင်း၊ ကြားတိုင်းကြားတိုင်း တဒိုင်းဒိုင်း စဉ်းစားဖို့မကောင်းလား။ ဟေ့ သူခိုးမသား ဟေ့ ခွေးမသား၊ ဟိုကစိတ်ဆိုးပြီ။ တရားမလေ့လာတဲ့ပုဂ္ဂိုလ်က၊ ရုပ်ကိုလည်းမသိ နာမ်လည်းမသိ၊စိတ်ဆိုးပြီ။ စိတ်မဆိုးဘူးလား။
စိတ်ဆိုးတာ ကုသိုလ်လား၊ အကုသိုလ်လား။ ကွာ- အကျိုးနည်းပြီ။အကုသိုလ်ဟေ့။
အကျိုးနည်းပြီ။ ကဲ သုတဝါ အရိယာသာဝကော သုတအကြားအမြင်ရှိတဲ့ပုဂ္ဂိုလ် ကြားရင်သတိလို့ မဟောဘူးလား။ သူခိုးမသားလား။ အသံလား။ ခွေးမသားလား၊ အသံလား။ အသံလို့ ကြားတဲ့အချိန်ခွေးမသားတွေ့ရဲ့လား။ သူခိုးမသားတွေ့ရဲ့လား။ဟော အသံ-စဉ်းစား။ အဲသည့်အသံထဲမှာ အသံလို့ကြားတဲ့အခါ စိတ်ဆိုးစရာလိုသေးရဲ့လား။ ချစ်စရာလိုသေးရဲ့လား။ မုန်းစရာလိုသေးရဲ့လား။ အာ အသံ။ အဲဒီအသံထဲမှာ စိတ်ဆိုးတာ နှလုံးသွင်းမှားတာပေါ့။ အသံကို ခွေးမသားလို့ နှလုံးသွင်းမှားတာ သူခိုးမသားလို့ နှလုံးသွင်းမှားတာ။ နှလုံးသွင်းမှားတာ ဘယ်သူလဲ။ အဝိဇ္ဇာ ။ အဝိဇ္ဇာ ကြောင့် ငါဒီလို မခံနိုင်ဘူးဟေ့။ သင်္ခါရ ၊ ဝစီသင်္ခါရ ပါးစပ်က ပြောတာ။ဝစီသင်္ခါရ။
ပြောနေတာ ကြာတယ် ရိုက်တာ ကာယသင်္ခါရ၊ သင်္ခါရ မဖြစ်ဘူးလား။ သင်္ခါရ ပစ္စယာ ဝိညာဏံ၊ လောကအနေနဲ့ အချုပ်ထောင်ထဲသွား၊ ရိုက်မှု၊ ရာဇဝတ်မှုလေ၊ ကဲ ရာဇဝတ်မှုက ပြောလို့ ဆိုလို့ ရေလည်လို့ လွတ်လာခဲ့တယ်။ သေတဲ့အခါ အပါယ်က လွတ်ပါ့မလား။ လာဘ်ထိုးလို့မရဘူး အပါယ်က။သွားပြီ။ ကြားရဲ့လားဟေ့- သင်္ခါရ ပစ္စယာ ဝိညာဏံ၊ ဘယ်ဝိညာဏ်လဲ-အပါယ်ဝိညာဏ်၊အင်း အဲဒါ အလုပ်ဟောနေတာ၊ အလုပ်တရားတွေ၊ အလုပ်။လူတွေက အလုပ်မသိပါတကား၊ ဒီလိုချည်းထိုင်တာ မှ အလုပ်လို့ထင်တာ၊ အဲဒါ ကာယကံအလုပ်တွေ။ ဉာဏ်အလုပ်။ ဉာဏ်အလုပ် ထိုင်တာလဲ ထိုင် နည်းကလိုသေးတာ။ထိ-သိ-သတိ ဟော၊မဟော။ ထိုင်တာတော့ပြောတယ်။ ထိ- သိ-သတိကို သတိမရပြီ၊ ထိ-သိ-သတိ။ထိုင်တော့ ကြမ်းနဲ့ တင်ပါး နှင့် မထိလား။ သိတဲ့စိတ်ကလေး ပေါ်မပေါ် ကဲ ကြမ်းလို့သိသလား၊ မာတယ်လို့သိသလား။တ
င်ပါးလို့သိသလား၊ ကာယအကြည်လို့သိသလား။ ဟော - စဉ်းစားနော်။ ဒါကာယဝိညာဏ်ပေါ့။ တဝိညာဏ်တည်း ထိလို့၊ သိလို့ ဖြစ်ကဲ့လား။ မဖြစ်- သူနဲ့ သဟဇာတဖြစ်တဲ့ ဝေဒနာ၊ သညာ၊ စေတနာမပါလား။ စဉ်းစားနော်။ မာတယ်လို့ ခံစားတာ လူလား၊ ဝေဒနာ။နတ်လား ဝေဒနာ။ ဗြဟ္မာလား ဝေဒနာ။ မာတယ်လို့မှတ်တာ လူ၊နတ်၊ဗြဟ္မာလား၊ သညာ။ ခံစားနိုင်အောင် စေ့ဆော်တာ မှတ်နိုင်အောင် စေ့ဆော်တာ၊ သူ ငါလား စေတနာ။ ဝေဒနာ၊ သညာ၊ စေတနာ သုံးခုပေါင်းတော့ နာမက္ခန္ဓာလေးပါး မပြည့်လား။ ဤလေးပါးပြည့်စုံမှ ထိ၊သိစိတ်ဖြစ်တာ စဉ်းစားနော်။ ကြမ်းလား- ပထဝီဓါတ်။ ဒါမာတယ်လို့ မဟောဘူးလား။ မာတယ်လို့သိတာ ကာယဝိညာဏ် မာတယ်လို့ ခံစားတာ ဝေဒနာ၊ မာတယ်လို့မှတ်တာ သညာ၊ ခံစားနိုင်အောင် စေ့ဆော်တာ ၊ မှတ်နိုင်အောင် စေ့ဆော်တာ စေတနာ၊ ဝေဒနာ၊ သညာ၊ စေတနာသုံးခုပေါင်းတော့ နာမက္ခန္ဓာလေးပါး မပြည့်လား။ အဲဒါ ထိ၊သိစိတ်ဖြစ်တာ နာမက္ခန္ဓာလေးပါးပြည့်စုံမှ ကဲကိုယ်ထင်တဲ့ကြမ်းကားတွေ့သေးရဲ့လား တင်ပါးကားတွေ့သေးရဲ့လား။ ထိ-သိ-သတိဆို။ သတိပြုတာ၊ ကဲ ဒါအလုပ်လုပ်တာဗျား။ ကဲ အလုပ်လုပ်တော့တွေ့တာ ကာယအကြည်ကား ရုပ်တရားမရဘူးလား။ မာဆိုတဲ့ ပထဝီကလည်း ရုပ်တရားမရလား။ ခန္ဓာဖွ့တော့ ရူပက္ခန္ဓာ မရလား။
နာမခန္ဓာလေးပါးနှင့် ရူပက္ခန္ဓာပေါင်း ၊(ခန္ဓာငါးပါးပါဘုရား)။ဟော တရားပျောက်တော့ ကိုယ်မှာရှာ၊ ကိုယ်မှာရှာတော့ တရားတွေ့တယ်မဟောဘူးလား။ လူတွေ့တာလား၊ ခန္ဓာငါးပါးတွေ့တာလား။ နတ်တွေ့တာလားခန္ဓာငါးပါးတွေ့တာလား။ ဗြဟ္မာတွေ့တာလား ခန္ဓာငါးပါးလား။ အဲဒါ ဒိဋ္ဌိ ဖြုတ်တာ။ ဒိဋ္ဌိ ဖြုတ်တာ အနိစ္စ၊ဒုက္ခ၊ အနတ္တ။ အဲဒါ ဒေသနာနည်း။ မဂ်တက်စဉ်နဲ့ကြည့်တော့ အနတ္တအစ၊ အနိစ္စအလယ် ၊ဒုက္ခအဆုံး၊ အနတ္တ။အတ္တကငါ၊ အနတ္တကငါမဟုတ်။ သိတဲ့စိတ်ကလေးက နာမ်ရုပ်ကို ငါဟုတ်တယ်၊ စဉ်းစားနော်။ ရုပ်နှစ်ခုတိုက်တော့ကာ ပေါ်တာ ကာယအကြည့်နဲ့ ပထဝီဆိုတဲ့ ဖောဋ္ဌဗနဲ့ တိုက်မှ ထိသိစိတ်ကလေး ပေါ်တာ။ပေါ်တာ တဝိညာဏ်တည်းဖြစ်ကဲ့လည်း၊ နာမက္ခန္ဓာလေးပါးတစ်စုံဗျား။ ကာယအကြည်နဲ့ မာဆိုတဲ့ ပထဝီခန္ဓာဖွဲ့တော့ ရူပက္ခန္ဓာမရလား။ နာမက္ခန္ဓာလေးပါးနှင့် ရူပက္ခန္ဓာပေါင်း ၊အဲဒါသုတ္တန်နည်း၊ မရှေးမနှောင်း။ အဘိဓမ္မာနည်းက ထိလိုက်တာနဲ့တစ်ပြိုင်တည်း။ တစ်ပြိုင်တည်းပေါ်တာ။ တစ်ပြိုင်တည်းပေါ်တာ အဘိဓမ္မာနည်း။ ဒီလို သိဖို့ မလိုဘူးလား။ ဉာတပရိညာ ပိုင်းခြားလို့သိပါ။ ဘာနဲ့ ပိုင်းခြားမှာလဲ။ လူလို့ မထင်ဘူးလား။ တွေ့တာ ကဲ လူလား၊ ခန္ဓာငါးပါးလား။ နတ်လို့မထင်လား။ တွေ့တာက နတ်လား၊ ခန္ဓာငါးပါးလား။ ဗြဟ္မာလို့မထင်လား။ တွေ့တာက ဗြဟ္မာလား ခန္ဓာငါးပါးလား။
ကဲ ခန္ဓာငါးပါး။ အမှန်သိပြီနော်။ လူစွဲ၊ နတ်စွဲ၊ ဗြဟ္မာစွဲ မပြုတ်လား။ အာသဝအနေနဲ့ ဒိဋ္ဌာသဝချုပ်ပြီကွဲ့။ ဒိဋ္ဌာသဝချုပ်ရင် ဗြဟ္မာကြီးလေးဦးက ဖန်ဆင်းတယ်။ ထာဝရ ဘုရားဖန်ဆင်းတယ်။ ဗိဿနိုးနတ် ဖန်ဆင်းတယ် ယူဦးမလား။ ဝိစိကိစ္ဆာ မပြုတ်လား။ ဒိဋ္ဌာသသဝနဲ့ အဝိဇ္ဇာသဝချုပ်တာ သောတာပန်ကွဲ့၊ အသိနဲ့ပြုတ်ရင် စူဠသောတာပန်၊ အပွားနဲ့ အပယ်နဲ့(ပြုတ်ရင်) မဟာသောတာပန်။ အဲလို စီစစ်ဖို့မကောင်းလား။ အဲဒါ ဒိဋ္ဌိပြုတ်ပြီနော်။ စိတ်ချလောက်ပြီ်။ ရှေ့ ကြိုးစားကြည့်။ ရုပ်နှင့်ပတ်သက်တဲ့တရားကြီးက ရုပတီတိ ရူပံ ဖောက်ပြန်ပြီးတော့မပျက်လား။ဝေဒနာ-ခံစားပြီးတော့မပျက်လား။သညာ- မှတ်ပြီးတော့မပျက်လား။စေတနာ-စေ့ဆော်ပြီးတော့မပျက်လား။ဝိညာဏက္ခန္ဓာ-သိပြီးတော့ မပျက်လား။ ကဲ ဖြစ်ပျက်တွေ့တယ်နော်၊ စဉ်းစားဖို့ မကောင်းလား။ ကဲ အဲဒီလို အနိစ္စတွေ့တဲ့အချိန် ခန္ဓာငါးပါး တွေ့သေးရဲ့လား။ ခန္ဓာငါးပါးတွေ့တဲ့အခါ လူ၊နတ်၊ဗြဟ္မာတွေ့ရဲ့လား။ ဉာတပရိညာ ၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ တွေ့တဲ့အခါမှာ ခန္ဓာတွေ့သေးရဲ့လား။ တီရဏပရိညာ ပွားလို့သိတာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊စုလိုက်တော့ ဖြစ်၊ ပျက်လို့ မဟောလား။ ဘာသစ္စာလဲ။ ချမ်းသာတဲ့တရားလား ၊ ဆင်းရဲတဲ့တရား။
အခုခန္ဓာရတဲ့ ပုဂ္ဂိုလ်က နေ့ရှိသမျှ၊ ရက်ရှိသမျှ ချမ်းသာတဲ့တရားနဲ့ နေရတာလား၊ ဆင်းရဲတဲ့တရားနဲ့ နေရတာလား။ ဆင်းရဲတဲ့တရားနဲ့ နေရတာ။ ဆင်းရဲတယ်လို့ တကယ်သိတဲ့ ပုဂ္ဂိုလ်က ဒီခန္ဓာမျိုး ရချင်သေးရဲ့လား။ မရချင်ဘူးဆိုတော့ ခန္ဓာရတဲ့ အလုပ်ကိုလုပ်ပါ့မလား။ မလုပ်တော့ဘူး။ သိတော့ ပယ်တော့တာနော်။ သိ-ပယ်လို့ မဟောဘူးလား။ ဆင်းရဲတယ်လို့ သိကတည်းက လူချမ်းသာလို့ နှလုံးသွင်းမှားတာ၊ နတ်ချမ်းသာလို့ နှလုံးသွင်းမှားတာ ဗြဟ္မာချမ်းသာလို့ နှလုံးသွင်းမှားတဲ့ အဝိဇ္ဇာမချုပ်ဘူးလား။ ဆင်းရဲတယ်လို့ သိတာ ဝိဇ္ဇာကွဲ့။ဒါကို သမ္မာဒိဋ္ဌိ လို့မဟောဘူးလား။ ကဲ လူချမ်းသာ၊ နတ်ချမ်းသာက အဝိဇ္ဇာ၊ ဒုက္ခသစ္စာလို့သိတာ သမ္မာဒိဋ္ဌိ-က ဝိဇ္ဇာ-။ ဝိဇ္ဇာဆိုတဲ့ အလင်းရောင်ပေါ်တော့ အဝိဇ္ဇာတည်းဟူသော အမှောင် မပျောက်လား။ အလင်းရောင်ပေါ်တော့ အမှောင်ပျောက်ပြီနော်။ အမှောင်ပျောက်တော့ မှန်တဲ့အတိုင်း-တွေ့တော့တာကွဲ့။ ဆင်းရဲတယ်ဆိုတော့ ခန္ဓာရှိတဲ့ပုဂ္ဂိုလ်၊ခန္ဓာရတဲ့ပုဂ္ဂိုလ် မဆင်းရဲဘူးလား။ နောင်တဖန် ဒီခန္ဓာမျိုးရချင်သေးရဲ့လား။ လက်ရှိခန္ဓာ မတွယ်တာဘူး။ လက်ရှိမှမတွယ်တာ နောင်ခန္ဓာတောင့်တပါဦးမလား။ မတောင့်တတော့ဘူးနော်။ သိတော့ မပယ်လား။ ကဲ ဒုက္ခသစ္စာသိတော့ကာ အဝိဇ္ဇာမချုပ်ဘူးလား။ တဏှာလာသေးရဲ့လား။
ဥပါဒါန် လာသေးလား။ ကိလေသဝဋ်မချုပ်လား။ ကိလေသဝဋ်ချုပ်တော့ ကမ္မဝဋ်ကားမချုပ်လား။ ကမ္မဝဋ်ချုပ်တော့ နောက်ခန္ဓာလာဦးမလား။ ဝဋ်သုံးပါး မကျွတ်လား။ နိဗ္ဗာန်ဗျား။ အဲဒီနေရာရောက်အောင် လုပ်ကြ။ အဲဒီလိုသိအောင်လို့ တရားဟောရတာ။သိမှပယ်နိုင်တာ။ မသိရင် ပယ်နိုင်ပါ့မလား။ လေ့လာ၊ စာအုပ်ကလည်း ကြည့်မယ်မထင် ၊ သစ္စာဖွဲ့ခိုင်းလည်း ရမယ်မထင်၊ ခန္ဓာဖွဲ့လည်း ရမှာမဟုတ်ဘူး။ စာအုပ်ထဲမှာပါတယ်၊ မကြည့်ကြဘူး၊ဟင် ကြည့်ကြ- အဲဒါသိဖို့လိုတယ်။
ကဲ လက်တွေ့၊ မျက်တွေ့အားဖြင့် ပြောကြဦးစို့။ အဲဒါ အဖေမိဘ မွေးတဲ့မျက်စိနဲ့ ကြည့်လိုက်၊ ထွေးခံ။ထွေးခံမြင်တယ် မပြောရဘူးလား။ထွေးခံ။ကဲ အဲဒီမျက်စိနဲ့ ကြည့်ရင် ထွေးခံပဲ။ ဘယ်လိုမှဖျောက်လို့်မရဘူး၊ ဘုရားပေးတဲ့ ဝိဇ္ဇာမျက်လုံးတပ်ကြည့်တော့ ထွေးခံကိုမြင်တာလား၊ င်းကိုမြင်တာလား။အဆင်းမြင်တယ်- စဉ်းစားနော်။အဖေမိဘမွေးတဲ့မျက်စိနဲ့ကြည့်တော့ထွေးခံပေါ့။ဝိဇ္ဇာ မျက်မှန်တပ်ကြည့်တော့ အဆင်း၊စဉ်းစားဖို့မကောင်းလား။ထွေးခံလို့မထင်ဘူးလား။လက်နဲ့ကိုင်စမ်းကြည့်၊ ထွေးခံတွေ့သလား၊မာတာတွေ့သလား။ အဲဒါ သူများမေးရမှာလား၊ ကိုယ်တွေ့လား- မာတာ။ မာတာ ပထဝီ၊ မာတယ်လို့သိတာ ကာယဝိညာဏ် လေးက နာမ်တရား မရလား။ မာတာက ရုပ်တရားမရလား။ နာမ်ရုပ်နှစ်ပါး။
ထွေးခံလား၊ နာမ်နဲ့ရုပ်။နာမ်ရုပ်ပဲတွေ့တယ်နော်။ ဘာကြောင့် ထွေးခံမတွေ့တာလဲ။ မရှိလို့၊ယုံကြည်ရဲ့လား။
ကဲ-ထားလိုက်။လင်မယားနှစ်ယောက် အိမ်ထောင်ပြုလို့ သာမွေးတာ၊ သားယောက်ျားပဲ လေးယောက်ဆက်မွေးတာ။နှစ်နှစ်ခြား နှစ်နှစ်ခြား။ အဦးဆုံးသားကို ဘဦး၊ ပထမဆုံးမွေးတဲ့သားက ဘဦး၊ ဒုတိယသားကို ဘအောင်၊ တတိယသားက ဘမောင်၊ စတုတ္ထက ဘထွေး။ အဲဒါ ဘဦးတို့၊ ဘအောင်တို့်၊ ဘမောင်တို့၊ ဘထွေးတို့- မွေးကတည်းက ပါတာလား၊ မိဘကပေးတာလား။ ယုံရဲ့လား- ယုံတယ်နော်။ အဲဒါယုံတာဟာ-- အဲဒီ ဘဦး--- ဘဦးလို့ စွဲတဲ့ပုဂ္ဂိုလ်ယုံရင် ဘဦးလို့ပျောက်အောင် ဘယ်လိုရှုမလဲ။ ဘဦးရှိသမျှတော့ စွဲမှာပေါ့၊ ဘအောင်လည်းရှိရင်စွဲမှာ၊ ဘမောင်ရှိ-စွဲမှာ၊ ဘထွေးရှိ-စွဲမှာ-။ အဲဒီအစွဲကို ဘယ်လိုလုပ် ဖြုတ်မလဲ။ ဒါအလုပ်ပေးနေတာ။ ဘယ်လိုဖြုတ်မလဲ ၊ စဉ်းစား- အင်း-။ စဉ်းစားနော်။ကဲ ဘဦးလို့ မထင်ဘူးလား။ ရှိတယ်လို့ မယူလား။ ဘုရားပေးတဲ့ ဝိဇ္ဇာမျက်မှန်ကို တပ်။ ဘဦးကိုမြင်တာလား အဆင်းကိုမြင်တာလား၊ အဆင်းကိုမြင်တာနော်၊ ဘအောင်ကိုမြင်တာလား၊ အဆင်းကိုမြင်တာလား၊ဘမောင်ကိုမြင်တာလား၊အဆင်းကိုမြင်တာလား၊ ဘထွေးကိုမြင်တာလား၊အဆင်းကိုမြင်တာလား။သြော်- ကဲထင်တာတွေ မတွေ့ပါလားဟေ့၊ တွေ့တာက အဆင်း၊
ကဲ-ဘဦးလို့ ထင်ဘူးလား။ရှိတယ်လို့ မယူလား။ လက်နဲပုတ်ကြည့်
-လက်နဲပုတ်ကြည့်။ဘုတ်-ဘုတ်၊ဘုတ်-ဘုတ်။ဘဦးလား၊အသံလား။ယုံရဲ့လား။ စိတ်ကတော့ ဘဦးလို့ မထင်လား။ လက်နဲ့ပုတ်ကြည့်တော့ အသံပဲ ကြားတယ်နော်။ ဘဦးလား အသံလား။ ဘအောင်လား အသံလား။ ဘမောင်လား အသံလား။ ဘထွေးလား အသံလား။ဟော ပညတ်-ပရမတ် ပိုင်းခြားဖို့လိုတယ်။ အသံက ပရမတ် ၊ ဘဦးက ပညတ် အသံက ပရမတ် ၊ ဘအောင်က ပညတ်၊ အသံက ပရမတ် ၊ ဘမောင်က ပညတ်၊ အသံက ပရမတ် ၊ ဘထွေးက ပညတ်၊ ပညတ်ဆိုတာ သမုတ်တာ၊ ရှိတာမဟုတ်ဘူး။ အသံက ပရမတ်၊ သူကရှိတယ်၊ ဘယ်ပုံရှိတာလဲ။ ကြားပြီးမပျက်လား။ အနိစ္စအနေနဲ့ရှိတယ် ၊ ဒုက္ခအနေနဲ့ရှိတယ်။အနတ္တအနေနဲ့ရှိတယ်။ဘဦးလို့ထင်ရင် နမ်းကြည့်- ဘဦးတွေ့မလား၊ အနံ့တွေ့မလား၊ ဘအောင်လို့ထင်လို့ နမ်းကြည့်- ဘအောင်တွေ့မလား၊ အနံတွေ့မလား၊ ဘမောင်လို့ထင်ရင် နမ်းကြည့်- ဘမောင်တွေ့မလား၊ အနံ့တွေ့မလား၊ ဘထွေးလို့ထင်ရင် နမ်းကြည့်- ဘထွေးတွေ့မလား၊ အနံ့တွေ့မလား။ အနံ့ကပရမတ် ဘဦးကပညတ် အနံ့ကပရမတ် ဘအောင်ကပညတ် ။အနံ့ကပရမတ် ဘမောင်ကပညတ်၊ အနံ့ကပရမတ်ွးကပညတ်။ပညတ်ဆိုတာရှိတာမဟုတ်ဘူး။ပရမတ်ဆိုတာရှိတာ၊ဘယ်ပုံရှိတာလဲ အနိစ္စ-အနိစ္စမမြဲတဲ့ အနေနဲ့ရှိတယ်၊ အနိစ္စ-မမြဲခြင်းတရားသည် ချမ်းသာတဲ့တရားလား၊ ဆင်းရဲတဲ့တရား။
ဆင်းရဲတဲ့အနေနဲ့ရှိတယ်။ အဲဒီဆင်းရဲတဲ့တရားကို ပိုင်သူရှိရဲ့လား။ သတ္တဝါအလိုသို့ လိုက်ကဲ့လား၊ အကြိုက်သို့ပါရဲ့လား။ အနတ္တ-အနတ္တအနေနဲ့ရှိတယ်။ အနိစ္စ၊ဒုက္ခ၊အနတ္တအနေနဲ့ရှိတယ်။စိစစ်ဖို့မကောင်းလား။ဘဦးလို့မထင်ဘူးလား။ ရှိတယ်လို့ မယူလား။ ဘုရားပေးတဲ့ဉာဏ်လက်နဲ့ကိုင်စမ်းကြည့်။ ဆံဖျားကခြေဖျားအရောက် ကိုင်စမ်းကြည့်။ ဘဦးတွေ့မလား၊ မာတာတွေ့မလား။ ဘအောင်တွေ့မလား မာတာတွေ့မလား။ ဘမောင်တွေ့မလား မာတာတွေ့မလား။ ဘထွေးတွေ့မလား မာတာတွေ့မလား။ မာတာ -ပထဝီ။ တစ်နည်းအားဖြင့် ပျော့တာ မတွေ့ဘူးလား။ ဘဦး တွေ့မလား ပျော့တာတွေ့မလား။ဘအောင်- တွေ့မလား ပျော့တာတွေ့မလား။ ဘမောင် တွေ့မလား ပျော့တာတွေ့မလား။ဘထွေး တွေ့မလား ပျော့တာတွေ့မလား။ မာတာပျော့တာ ပထဝီ၊ ကိုင်စမ်းကြည့်တော့ မာတယ်ပျော့တယ်သိတာ ကာယဝိညာဏ်- နာမ်တရားမရလား။ မာတာပျော့တာက ရုပ်တရားမရလား။ နာမ်ရုပ်နှစ်ပါး။ ကဲ ဘဦးလား၊ နာမ်နဲ့ရုပ်၊ဘအောင်လား၊ နာမ်နဲ့ရုပ်၊ဘမောင်လား၊ နာမ်နဲ့ရုပ်၊ဘထွေး လား၊ နာမ်နဲ့ရုပ်။ ဟော နာမ်ရုပ်ပဲတွေ့တယ်။ ဘဦးမတွေ့၊ဘအောင်မတွေ့၊ဘမောင်မတွေ့၊ဘထွေးမတွေ့ ဘာဖြစ်လို့မတွေ့တာလဲ-မရှိဘူး။ဒါ-ယုံကြည်ဖို့မကောင်းလား။ ယုံကြည်ရင်-ကဲ- ဒိဋ္ဌိမပြုတ်ဘူးလား။ပြုတ်ပြီ။
တွေ့တဲ့မာတာနဲ့ပျော့တာကလည်း မာပြီးရင်ဖောက်ပြန်ပြီးတော့ မပျက်လား၊ပျော့တာကလည်း ဖောက်ပြန်ပြီးတော့ မပျက်လား။ နိစ္စလား-အနိစ္စလား။ အနိစ္စလက္ခဏာ ဒုက္ခသစ္စာ၊ဒုက္ခလက္ခဏာ ဒုက္ခသစ္စာ၊ အနတ္တလက္ခဏာ ဒုက္ခသစ္စာ၊ ဆင်းရဲတာပဲ တွေ့တယ်နော်။ ဒါ အမှန်တွေ့နေပြီ။ အသိနဲ့ ရှိတဲ့တရားနဲ့ ထပ်သွားဖို့လိုတယ်လို့ မဟောဘူးလား။ ရှိတဲ့တရားနဲ့ အသိ ထပ်သွားဖို့လိုတာနော်၊ အခုတွေ့နေတာ ဆင်းရဲတဲ့တရားတွေ့နေတာ။မမှန်ဘူးလား။ ကဲ- ဆင်းရဲတယ်လို့သိတော့ လိုချင်သလား၊ဆင်းရဲတယ်လို့သိတော့မပယ်ရဘူးလား။ဆင်းရဲတယ်လို့သိတာနဲ့ သိလိုက်တဲ့တချိန်တည်း လိုချင်တဲ့တဏှာလာ-မလာ။ဒါပယ်တယ်လို့ပြောတာ၊ လာကို မလာတာ။ ဆင်းရဲတယ်လို့သိတာ တစ်ချက်နဲ့ လာကိုမလာတော့တာ။ အဲဒါကြောင့် မြတ်စွာဘုရားရှင်ဟောတဲ့တရား၊ မိုးကုတ်ဆရာတော်ဘုရားကြီးဟောတဲ့တရား အနုပါဒ နိရောဓ တဏှာကမလာပဲနဲ့ ချုပ်တာ။နာမ်ရုပ်က ရှိရာကချုပ်တာ- ဥပါဒနိရောဓ၊ တဏှာ၊ ဥပါဒါန် မလာပဲနဲ့ အနုပါဒနိရောဓတဲ့-။ သိတော့ပယ်တယ်လို့ မဟောဘူးလား။ ဆင်းရဲတယ်သိကတည်းက မလာဘူး။ ချမ်းသာတယ်ဆိုရင် ရောက်လာတာ၊ လိုချင်ပြီ၊ ဆင်းရဲတယ်ဆိုတော့ မလိုဘူး။ ကြားလား။ အဲလိုသိတော့ ခန္ဓာရတဲ့အလုပ်-လုပ်ဦးမလား။
ဟိုက ဒီကကိုယ့်ကို အယုတ္တအနတ္တဖြစ်လောက်အောင် အပုပ်ရည်သွင်းတဲ့ စကားမျိုးပြောကြည့်။အဲသည်ခန္ဓာဘက်ကိုဉာဏ်လှည့်တဲ့အခါ- သစ္စာဘက်ကိုလှည့်တဲ့အခါ စိတ်ဆိုးဦးမလား။ လွတ်ပြီဗျား။ အဲဒါအလုပ် အဲဒီလို ဆရာက မပြောမဟောရင် သိပါ့မလား။ ငုတ်တုပ်ထိုင်နေလို့ ဘယ်လိုလုပ် သိမလဲ၊ကြာတာ နာရီကမထိုးပြီဟေ့။ခါးနာလှပြီ။ ဟိုမှာ သံချောင်းနဲ့ နာရီနဲ့ ရန်တွေ့နေပြီ၊မထိုးနိုင်ပြီ- ကြားလား။ စဉ်းစား အဲလို လေ့လာရမှာ၊ လေ့လာကြ။ဒါကြောင့် မို့လို့။နှလုံးသွင်းမှန်တာနဲ့မှားတာ- ဆရာမှားနဲ့တွေ့ရင် သွက်သွက်လည်ပြီ။ ဆရာမှန်နဲ့ တွေ့မှ သက်သာမယ်။ ဥပတိဿနဲ့ ကောလိယကိုထောက်၊သိဉ္စည်းဆရာကြီးဆီမှာနေတာ ခြောက်နှစ်ကြာသွားတယ်။ တရားမပေါက်ဘူး။ အဲဒါက တရားမပေါက်လို့။ မင်းနဲ့ငါနဲ့က ဉာဏ်ထိုင်းတယ်ကွယ်- ဟိုကယောဂီတွေ ဆွေးနွေးမယ်၊ တရားအားထုတ်တဲ့သူကလည်း အများကြီး သွားဆွေးနွေးတယ်။ သူတို့သိတာထက် မပိုဘူး။ ရဟန်းတော်တွေဘက်ကို ဆွေးနွေးကြည့် သူတို့သိတာထက် မပိုဘူး။ ဧကန်မုချ ငါတို့ဆရာ၊ ငါတို့ဆရာ သူကိုယ်တိုင်က သိပုံမပေါ်ဘူးတဲ့။ ဝေဖန်ပြီ ကြားလား။ အဲ တရားအားထုတ်တာ ဝေဖန်တာ။ ငါတို့ဆရာကြီးက သိပုံမကျဘူးတဲ့ ခွင့်တောင်းပြန်မယ်၊ ခွင့်တောင်းပြန်ကြတော့တာ။ပြန်လို့ သုံးမိုင်လောက်ရောက်တဲ့အခါ
လမ်းလေးနှစ်ခွတွေ့တယ်။ရှေးခေတ်ကကားလုပ်တဲ့သူတွေ မမွေးသေးဘူး၊လှည်းလုပ်တဲ့သူလည်း မမွေးသေးဘူး၊ ခြေလျင်ခေတ်၊မြင်းခေတ်၊ နွားကိုယာဉ်၊မြင်းကို ယာဉ်အနေနဲ့ သွားရတာ။လမ်းတွေ၊ စက်ဘီးမပေါ်သေးဘူး။ လမ်းလေးနှစ်ခွတွေ့တယ်။ ကဲ မင်းနဲ့ ငါနဲ့ ပူးတဲ ပူးတွဲနဲ့ အချိန်ကုန်တယ်၊ မင်းက လက်ဝဲကိုလိုက်၊ ငါကလက်ယာ လိုက်မယ်၊ မင်းတရားထူးရရင် ငါ့ကိုဟောရမယ်၊ ငါကရရင် မင်းကိုဟောမယ်၊ ကတိကဝတ်ပြုတယ်၊သွားတယ် တစ်ယောက်က လယ်ယာဘက်ကသွားတယ်၊ဥပတိဿ ရာဇဂြိုလ်မြို့ ဝင်ခါမှာ ပဉ္စဝဂ္ဂီငါးဦးအရှင်ကောဏ္ဍ ည၊ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ ရှင်အဿဇိ၊- ရှင်အဿဇိရဲ့ဆွမ်းခံအလှည့်၊ တစ်ပါးဆွမ်းခံရင် ဘုရားပါခြောက်ပါးစားလောက်တယ်။ တရားဟောလည်း မပျက် ဆွမ်းခံလည်းမပျက်၊ သူ့Iနြေ္ဒသိက္ခာကို မြင်ပြီ်-ဥပတိဿ က။ဧကန်မုချ ဒီကိုယ်တော်ဝမ်းထဲမှာ တရားရှိတယ်၊ မေးရမလား၊ မမေးရဘူးလား။ ငါမေးနေရင် ဆွမ်းခံ နောက်ကျရင် ငါအပြစ်ဖြစ်မယ်ဆိုပြီးမမေးစကြောင့်ဘူး၊ သူ့နောက်က ဆယ်တောင်၊ဆယ့်နှစ်တောင် အကွာလောက် မလှမ်းမကမ်း လိုက်သွားတယ်၊ မြို့ထဲကဆွမ်းကိစ္စတွေပြီးလို့ မြို့ပြင်ထွက်တဲ့အခါကျတော့ နှစ်ဖာလုံလောက်အကွာမှာ ရှေ့ကဆီး၊ ရပ်ပါဦးဘုရား-ရပ်ပါဦးဘုရား ဦးတိုက်ရှိခိုး၊ မြို့မဝင်ခင်၊ ဆွမ်းခံမြို့မဝင်ခင်က၊
အရှင်ဘုရားရဲ့ ဣနြေ္ဒသိက္ခာမြင်တယ်၊ ဝမ်းထဲမှာတရားရှိတယ်လို့ တပည့်တော်ယူဆတယ်။ အဲ အရှင်ဘုရားဘယ်တရားတွေ အားထုတ်သလဲ၊ ခန္ဓာတို့ အာယတနတို့၊ဓါတ်တို့၊သစ္စာတို့ ပဋိစ္စသမုပ္ပါဒ် တရားတွေ ငါအားထုတ်တယ်၊ အရှင်ဘုရားရဲ့ဆရာကဘယ်သူလဲ၊ အဖ- ဂေါတမမြတ်စွာဘုရား၊ ဆရာကဘုရားဖြစ်နေပြီ၊ အဲဒီလိုဆို တပည့်တော်တရားလေးနာစမ်းပါရစေ ဘုရား၊ဟောပေးစမ်းပါ၊ ငါ အရှင့် တရားဟောဖို့ လို့ငါ့ရဟန်းကိစ္စပြီးတာ။ဒီနေ့မှ ခုနှစ်ရက်မြောက်သွားပြီ၊ ဒီနေ့မှ ခုနှစ်ရက်မြောက်သွားပြီ၊တဲ့ သူဖို့ကပြီးသွားပြီ၊ ဟောဖို့ရာ သုတကလိုသေးတယ်၊ ငါအကျယ်တဝင့် မဟောနိုင်ဘူး။ အရှင်ဘုရား- အရှင်ဘုရား သုတ်တို့၊ဗျည်းတို့၊သဒ္ဒါတို့ တပည့်တော်တို့ မလိုဘူး၊ အနက်တလုံးထင်ရင် အကျဉ်းကိုပဲဟောဟော၊ အကျယ်ကိုပဲဟောဟော အနက်တလုံးထင်ရင် ကျေနပ်ပြီတဲ့။အကျဉ်းကိုပဲဟောဟော၊ အကျယ်ကိုပဲဟောဟောတဲ့၊အဲဒီအခါမှ အရှင်အဿဇိကဟောတယ်။ ̎ ယေ ဓမ္မာ ဟေတုပ္ပဝါ တေသံ ဟေတုံ တထာဂတော အဟ----'' ရှင်အဿဇိကဟော။ သူ့ဂါထာမဆုံးဘူး̒ -------̓ အရှင်ဘုရားရပ်တော့ ရပ်တော့။မောလိမ့်မယ် တပည့်တော်အကုန်လုံးသိပြီတဲ့။နာတဲ့ပုဂ္ဂိုလ်က။ ဂါထာမဆုံးဘူးရပ်နေရတာကွာ။ဟောတဲ့ပုဂ္ဂိုလ်က။အားရပါးရ။သောတာပန်တည်သွားတာ၊ နှစ်မိနစ်နှစ်မိနစ်။
သိဉ္ဇည်းဆရာဆီမှာနေတာ ခြောက်နှစ်ကြာတယ် ခြောက်နှစ်။ တမဂ်တဖိုလ်မရဘူး။ နှစ်မိနစ်နဲ့ သောတာပန် တည်သွားတာ၊ ဆရာကလည်းမှန်၊ တရားကလည်းမှန်။ ကိုယ်ကဉာဏ်ကလည်းကောင်းတော့၊ ပွင့်သွားလေတော့တာ ရှင်သာရိပုတ္တရာ အင်မတန်ဉာဏ်ကောင်းတာ၊ ဆရာမှားတော့ ဘယ်လိုမှမရ။ ကိုယ်လုပ်တဲ့အလုပ်ဟာ မှန်သလား၊မှားသလားလို့ ဘုန်းကြီးဟောတာနဲ့ ပြန်ပြီးတော့မှ ထီပေါက်စဉ်တိုက်သလို တိုက်ကြဦး။--နော် ဟုတ်သလား။ မဟုတ်ဘူးလား။ မှန်၊မမှန် တိုက်ကြဦး၊ စဉ်းစားဖို့ အဲလိုစီစစ်ဖို့ မကောင်းလား။ တွေ့တဲ့တရားတွေကိုဟောရတာဗျာ့။ တွေ့တဲ့တရားကိုဟောရတာ။ အဲလိုစီစစ်ဖို့ မကောင်းဘူးလား။ လေ့လာ။ လေ့လာသဘောပေါက်ဖို့လိုတယ်။ဒါမို့ ပညတ်-ပရမတ် ပိုင်းခြားဖို့လိုတယ်။ နိဗ္ဗာန်ကို ပရမတ်ကဖုံးနေတာ။ မမြင်ရဘူး။ နိဗ္ဗာန်ရှိတယ် ပရမတ်ကဖုံးထားတော့။ မမြင်ရဘူး။ ပရမတ်ကို ပညတ်ကဖုံးထားတယ်- ပရမတ်ကို ပညတ်ကဖုံးတာ။အဲသည့် အဖုံး ဖုံးထားရင် ဥပမာ ဟင်းတွေချက်တဲ့အခါ ဖုံးထားမယ်။ အထဲမှာဘာတွေရှိတယ်လို့ အဖုံးအုပ်ထားရင်မြင်ပါ့မလား- ဖွင့်ကြည့်ရင် မမြင်ရဘူးလား။ အဲဒီလိုဖွင့်ကြည့်ဖို့လိုတာ၊ ကဲ ပရမတ်ကို ပညတ်ကဖုံးတယ်- နိဗ္ဗာန်ကို ပရမတ်ကဖုံးတယ်။ အဖုံးတွေ ဘယ်လိုဖွင့်မလဲ- ဟင်- ဘယ်လိုဖွင့်မလဲ- ကြားဖူးနားဝ မရှိတော့ မသိပြီ။
စဉ်းစား။ တော်တုန်းကဖွင့်ပြလိုက်တာ၊ စဉ်းစားဖို့မကောင်းလား-၊ ကဲ - လေ့လာကြ- အခုဘုန်းကြီးပြောတာဟောတာ မြင်တာလား၊ ကြားတာလား။ ကြားတယ်ဆိုတာ နားအကြည် မရှိဘူးလား၊ ဒီက ဘုန်းကြီးကအသံနဲ့ မတိုက်ဘူးလား။ ကြားသိစိတ်လေး မပေါ်လား-၊ လူလား။ ကြားသိစိတ်၊နတ်လား။ ကြားသိစိတ်၊ဗြဟ္မာလား။ ကြားသိစိတ်၊ ကြားသိစိတ်က နာမ်တရားမရလား-၊ သောတအကြည်နှင့် အသံက ရုပ်တရားမရလား။ နာမ်ရုပ်နှစ်ပါး- နာမ်ရုပ်ပဲတွေ့တယ်နော်၊ လူ တွေ့သလား၊ နာမ်ရုပ်တွေ့သလား။ ၊နတ် တွေ့သလား၊ နာမ်ရုပ်တွေ့သလား။ ၊ဗြဟ္မာ တွေ့သလား၊ နာမ်ရုပ်တွေ့သလား။ နာမ်ရုပ်က ပရမတ်၊ လူက ပညတ်၊နတ်က ပညတ်၊ဗြဟ္မာက ပညတ်။ နာမ်ရုပ်တွေ့တဲ့အခါ လူတွေ့သေးရဲ့လား၊နတ်ကားတွေ့သေးရဲ့လား၊ဗြဟ္မာကားတွေ့ရဲ့လား။ ဘာဖြစ်လို့ မတွေ့တာလဲ။ မရှိရင် ဘယ်လိုစွဲမလဲ- အဲဒါကို သက္ကာယဒိဋ္ဌိဖြုတ်တယ်လို့ခေါ်တာ။ အဲဒီ နာမ်ရုပ်နှစ်ပါးအပေါ်မှာ ဌာနူပစာရအားဖြင့် တင်စားပြီးတော့ လူအစားစား၊ နတ်အစားစား၊ ဗြဟ္မာအစားစား၊ တိရစ္ဆာန်အစားစား၊ ငရဲအစားစား ၊ပြိတ္တာ၊ အသူရကာယ် အစားစားလို့ မခေါ်ရဘူးလား။ အဲဒါ သမုတ်ရှိ အခေါ်ရှိ မသမုတ်လည်းရှိ၊ သမုတ်လည်းရှိက နာမ်ရုပ်ရှိတာ။ ဘယ်ပုံရှိတာလဲ အနိစ္စ၊ ဘယ်ပုံရှိတာလဲ ဒုက္ခ၊ ဘယ်ပုံရှိတာလဲ အနတ္တ အနိစ္စ၊ဒုက္ခ၊ အနတ္တ အနေနဲ့ရှိတာ၊
အဲလို စီစစ်ဖို့် မကောင်းလား။ အဲဒါပွားလို့သိတာ ဟော- ပရမတ်တွေ့ပြီ၊ ပရမတ်တွေ့သွားပြီ။ ပရမတ်တွေ့တော့ ပညတ်မပျောက်ဘူးလား။ လူလား နာမ်ရုပ်၊နတ်လား နာမ်ရုပ်၊ဗြဟ္မာလား နာမ်ရုပ်လား။ နာမ်ရုပ်က ပရမတ်၊ လူ က ပညတ်၊နာမ်ရုပ်က ပရမတ်၊နတ် က ပညတ်၊နာမ်ရုပ်က ပရမတ်၊ဗြဟ္မာက ပညတ်၊ ဟော- နာမ်ရုပ်ပဲတွေ့တယ်။ အဲဒီ အဖုံးကိုဖွင့်ကြည့်လိုက်တာ။ ထင်တာနဲ့ တွေ့တာလေ။ ကဲ သမီးလေးအနေနဲ့ သားကလေးအနေနဲ့ ပွေ့ပြီးတော့ နမ်းကြည့်၊ သမီးတွေ့သလား- အနံ့တွေ့သလား၊သား တွေ့သလား-အနံ့တွေ့သလား၊ ပနံ့ကိုသာ သမီး၊ အနံ့ကိုသာ သားဆိုရင် အနံ့ဟူသမျှတွေ သမီးလို့ ခေါ်ရမှာ ဒီလိုကားဖြစ်ပါ့မလား။ သားလို့ခေါ်ဖြစ်ပါ့မလား၊ အနံ့လို့နံသိတာက ဃာနဝိညာဏ် နာမ်တရားမရလား။ အနံ့ကရုပ်တရားမရလား၊ နာမ်ရုပ်နှစ်ပါး။ သမီးလား။ နာမ်နှင့်ရုပ်-၊၊သားလား။ နာမ်နှင့်ရုပ်-၊ မင်း သမီးလား၊နာမ်နှင့်ရုပ်-၊ မင်း သားလား၊ နာမ်နှင့်ရုပ်- နာမ်ရုပ်က ပရမတ်၊မင်း သမီးကပညတ်၊ သားကပညတ်၊သမီးကပညတ်၊၊ မင်း သားကပညတ်၊၊ ပညတ်ဆိုတာ ခေါ်တာပြောတာ၊ ရှိတာမှ မဟုတ်ဘဲ၊ တွေ့တာက နာမ်ရုပ်တွေ့တယ်နော်။ သမီး တွေ့သလား၊ နာမ်ရုပ်တွေ့လား။ ၊သား တွေ့သလား၊ နာမ်ရုပ်တွေ့လား။ ဒါဆိုသားတွေ၊သမီးတွေ ဘာကြောင့်မတွေ့တာလဲ-။
အဲဒါ ယုံကြည်ရင် စွဲစရာလိုသေးရဲ့လား-။ ကဲ- စွဲရမှာက နာမ်ရုပ်ကို စွဲဖို့လိုတာ။ နာမ်ရုပ်ကို စွဲဖို့ လိုတယ်။ရှိတာစွဲရတာနော်။ ရုပ်တရားကြီးက ဖောက်ပြန်ပြီးတော့ မပျက်လား။ နာမ်တရားက သိပြီးတော့ မပျက်လား။ ပျက်ရင် နာမ်ရုပ်တွေ့သလား၊ မရှိတာတွေ့သလား- ။ မရှိတာ အနိစ္စ၊ သိတာ မဂ္ဂလို့ မဟောဘူးလား။ကဲ နာမ်ရုပ်တွေ့သလား မရှိတာတွေ့သလား။ မရှိတာ အနိစ္စ၊နော် သိတာ မဂ္ဂ မဟောဘူးလား။ ကဲဖြစ်ပြီးတော့ပျက်သွားတာ ဘာသစ္စာလဲ။ ဒုက္ခသစ္စာနော်၊ ချမ်းသာတဲ့ တရားလား၊ ဆင်းရဲတဲ့တရားလား။ ဆင်းရဲတဲ့တရားလို့ အမှန်သိတဲ့အချိန် လူချမ်းသာနတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာတွေ့သေးရဲ့လား-၊ တွေ့တာက လူချမ်းသာလား၊ဒုက္ခသစ္စာ နတ်ချမ်းသာလား၊ဒုက္ခသစ္စာ ဗြဟ္မာချမ်းသာလား၊ ဒုက္ခသစ္စာ။ သိပယ်လို့ မဟောလား-၊ ဒုက္ခသစ္စာလို့ သိတဲ့အချိန် လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာလို့ ယူဦးမလား-။ ရှိမှမရှိဘဲနော်။ တွေ့တာကို အမှန်မယူရဘူးလား-။ အဲတော့ ဆင်းရဲတဲ့ တရားတွေ့တယ်။ ဆင်းရဲတဲ့ တရားသိတယ်ဆိုကတည်းက တဏှာလာသေးရဲ့လား၊ ဥပါဒါန် လာသေးရဲ့လား၊ ကံလာသေးရဲ့လား၊ ပဋိစ္စသမုပ္ပါဒ် သုံးမျိုးမပြတ်လား-၊ နောက်ခန္ဓာ ဇာတ်မသိမ်းလား၊ နိရောဓသစ္စာ၊ စဉ်းစားဖို့ မကောင်းလား-။ ကဲ နိရောဓဆိုတာ ကိလေသာ မချုပ်ဘူးလား-၊
ခန္ဓာမချုပ်ဘူးလား။ အဲဒါ နိဗ္ဗာန်လို့ မဟောဘူးလား-၊ ခန္ဓာသာရှိရင် နိဗ္ဗာန်မြင်ရပါ့ မလား- ခန္ဓာကပရမတ်၊ နာမ်ရုပ်ကပရမတ်။ အဲဒီ ပရမတ်ကဖုံးနေတော့တာ၊ နိဗ္ဗာန်မမြင်ရတာ ခု နာမ်ရုပ်လည်းမတွေ့၊ ခန္ဓာလည်းမတွေ့၊ တွေ့တာက အနိစ္စလက္ခဏာ ဒုက္ခသစ္စာ၊ဒုက္ခလက္ခဏာ ဒုက္ခသစ္စာ၊အနတ္တလက္ခဏာ ဒုက္ခသစ္စာ သိပြီ-ကဲ သိတယ်ဆိုတော့ နှလုံးသွင်းမှားတဲ့ အဝိဇ္ဇာမချုပ်လား၊ လိုချင်တဲ့ တဏှာလာသေးလား၊ စွဲလန်းတဲ့ ဥပါဒါန်လာသေးလား-၊ ကဲကိလေသဝဋ်မချုပ်လား-၊ တရားနာတာ၊ တရားအားထုတ်တာ ကိလေသဝဋ်ချုပ်ဖို့ အဓိက၊ ကိလေသဝဋ်ချုပ်၊ရင် ကမ္မဝဋ် လာသေးရဲ့လား-၊ ကမ္မဝဋ်မလာရင် ဝိပါကဝဋ်လာသေးရဲ့လား။ ဝဋ်သုံးပါး ကျွတ်တာ ဘယ်လိုခေါ်မလဲ- နိဗ္ဗာန်၊ ကဲ ထိဆဲခန္ဓာက ဖြစ်ပျက် ဘာသစ္စာလဲ-
(ဒုက္ခသစ္စာပါဘုရား)
သိတာက။ (မဂ္ဂ သစ္စာပါဘုရား)
သေတာက။ (သမုဒယ သစ္စာပါဘုရား)
နောက် ခန္ဓာမလာတာက၊
(နိရောဓ သစ္စာပါဘုရား)
ပဋိစ္စသမုပ္ပါဒ် အကွက်ဘယ်နှစ်ကွက်ရှိ။
(လေးကွက်ရှိပါတယ်ဘုရား) တစ်ကွက်လျှင်ဘယ်နှစ်ပါး။
(ငါးပါးပါဘုရား)
ငါးလေးလီ
(နှစ်ဆယ်)
ဤရှစ်သွယ်ကို
အလွယ်ကျက်မှတ် သိစေအပ်သည်
သံသရာမှ လွတ်ကြောင်းတည်း။
(သာဓု သာဓု သာဓု)
မုံလယ်ဆရာတော်ဘုရားကြီး
၁၅.၅.၂၀၀၅၊ည(၇) နာရီ
အချိန် အမေရိကန်တွင်ဟောကြားတော်မူသော တရားတော် မှ
No hay comentarios.:
Publicar un comentario