miércoles, 22 de octubre de 2014

၁၅.၅.၂ဝဝ၅၊နေ့လည် (၂) နာရီ အချိန် အမေရိကန်နိုင်ငံတွင် ဟောကြားတော်မူသော တရားတော် 

၁၅.၅.၂ဝဝ၅၊နေ့လည် (၂) နာရီ အချိန်
အမေရိကန်နိုင်ငံတွင် ဟောကြားတော်မူသော တရားတော်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဝိညာဏ်မြင် သမ္မုတိသစ္စာအားဖြင့် ကမ္မဿကတာသမ္မာဒိဋ္ဌိ အကုသိုလ်ကံ၊ ကုသိုလ်ကံတရားနှစ်ပါး ကိုယုံကြည်ရမယ်လို့ မဟောလား။ မဟောလား။ ပါဏာတိပါတ အစ သုရာမေရယ အဆုံး ပါဏာတိပါတ အစ မိစ္ဆာဒိဋ္ဌိ အဆုံးကို ကျူးလွန်ရင် ကုသိုလ်လား၊ အကုသိုလ်လား။ အကုသိုလ်ကံအကြောင်းကြောင့် အကျိုးတရားကသေသည်ရဲ့အခြားမဲ့၌ ငရဲ၊တိရစ္ဆာန်၊ပြိတ္တာ၊အသူရကယ်လို့ မဟောဘူးလား။ ချမ်းသာတဲ့တရားလား၊ ဆင်းရဲတဲ့တရားလား။ ဒါ အကုသိုလ်ကံကြောင့်ဖြစ်တာနော် ကြောက်စရာမကောင်းဘူးလား။ ပါဏာတိပါတ အစ သုရာမေရယ အဆုံး ပါဏာတိပါတ အစ မိစ္ဆာဒိဋ္ဌိ အဆုံးကိုရှောင်ကြဉ်ရင် အကုသိုလ်လား၊ ကုသိုလ်လား။ ကုသိုလ်ကံ အကြောင်းကြောင့် အကျိုးတရားက လူ့ပြည်၊နတ်ပြည်ခြောက်ထပ်လို့ မဟောဘူးလား။ ဆင်းရဲတဲ့တရားလား၊ ချမ်းသာတဲ့တရားလား။ ဒါကုသိုလ်ကံကြောင့် ဖြစ်တာနော။် ကုသိုလ်ကံ၊ အကုသိုလ်ကံ တရားနှစ်ပါးကိုယုံကြည်ဖို့ မကောင်းလား။ ယုံကြည်တဲ့ပုဂ္ဂိုလ် ဗေဒင်မေးဦးမလား။ နတ်ကတော်မေးဦးမလား။ ဝိဇ္ဇာတွေမေးဦးမလား။ ဒါကံကိုယုံတဲ့ပုဂ္ဂိုလ်နော်၊
ကံကိုမယုံတဲ့ပုဂ္ဂိုလ်၊ ဗေဒင်မေးမယ်၊ နတ်ကတော်မေးမယ်။ ဝိဇ္ဇာမေးမှာပေါ့။ သုံးဆယ့်တစ်ဘုံက ထွက်ပါ့မလား။ ထွက်ဘူးကွဲ့။ အဲဒါကြောင့် အကုသိုလ်ကံ၊ကုသိုလ်ကံတဲ့။ အားလုံး သုံးဆယ့်တစ်ဘုံမှာ အပါယ်လေးဘုံကျတာ အကုသိုလ်ကံ။ လူအဖြစ်၊ နတ်အဖြစ်ရတာကုသိုလ်ကံ။ အဲဒါကံကို ယုံကြည်ရမယ်။ အကုသိုလ်ကဆင်းရဲတဲ့တရား၊ ကုသိုလ်က ချမ်းသာတဲ့တရား။ ဝိညာဏ်မြင်သမ္မုတိသစ္စာ။ ပညာမြင် ပရမတ္ထသစ္စာမဟုတ်ဘူး။ ဝိညာဏ်မြင်သမ္မုတိသစ္စာကို ဟောတာ။ ကံ ကံရဲ့အကျိုးကိုယုံကြည်ရမယ်။ အားကိုးရမှာက ဉာဏ်၊ ယုံကြည်ရမှာက ကံ။ အားကိုးရမှာ ဉာဏ်၊ ဉာဏ်ဆိုတာ သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ ပညာမဂ္ဂင် နှစ်ပါး။ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ၊ သမ္မာသမာဓိမဂ္ဂင် သုံးပါး။ပေါင်းလိုက်တော့ ရှုဉာဏ်မဂ္ဂင် ငါးပါး။ အမြင်ခံအရှုခံက ခန္ဓာငါးပါး။ အာရုံ အာရမ္မဏိကပိုင်းခြား ခန္ဓာငါးပါးက အာရုံတရား၊ မဂ္ဂင် ငါးပါးက အာရမ္မဏိကတရား။ အာရုံ အာရမ္မဏိက။ အဲဒါ လိုတယ် တရားအားထုတ်တယ်ဆိုတဲ့ ကိစ္စတွေ၊တရားဆိုတာ မှန်တာ၊မှန်တာကိုတရားလို့ ခေါ်တယ်၊ဒါကြောင့်မို့ မိုးကုတ်ဆရာတော်ဘုရားကြီးက မဂ်ဉာဏ် ရချင် ဝိပဿနာဉာဏ်အားထုတ်၊ ဝိပဿနာဉာဏ်ကိုရချင်ရင် သက္ကာရဒိဋ္ဌိ အရင်ဖြုတ်၊ သက္ကာရဒိဋ္ဌိ အရင်ဖြုတ်ချင်ရင် ခန္ဓာပဋိစ္စသမုပ္ပါဒ် ကိုသိအောင်လုပ်။
ခန္ဓာတဲ့၊ ပဋိစ္စသမုပ္ပါဒ်ကိုသိအောင်လုပ်ပါတဲ့။ အဲတော့ မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ်။ အာရုံအာရမ္မဏိက။ ပြန်ပြီးတော့လေ့လာကြစို့။ မျက်စိအကြည်။ မျက်စိ၊နား၊နှာခေါင်း၊လျှာ၊ကိုယ်၊မနော အကြည်။ အာရုံက ရူပါရုံ ၊သဒ္ဒါရုံ ၊ဂန္ဓာရုံ ၊ရသာရုံ ၊ဖောဋ္ဌဗ္ဗာရုံ ၊ဓမ္မာရုံ ။ မျက်စိအကြည်ရှိတော့ ရူပါရုံအဆင်းမတိုက်ဘူးလား၊ မြင်တဲ့စိတ်မပေါ်လား။ ငါ မြင်တာလား မြင်သိစိတ်လား။ မြင်သိစိတ်နော်။ အဲသည့် မြင်သိစိတ်ဆိုတဲ့ မြင်သိစိတ်လေးဟာ မျက်စိအကြည်နဲ့ ရူပါရုံမတိုက်ခင် ဘယ်ဆီမှာနေတယ်လို့ လက်ညိုးညွှန်ခြင်းငှာထိုက်ကဲ့လား။ ဟော နှစ်ခုတိုက်တော့လည်း မြင်စိတ်လေးမပေါ်ဘူးလား။ ငါမြင်တာလား မြင်သိစိတ်လား။ မြင်သိစိတ်ထဲ ငါမပါဘူးနော်။ ကဲ မြင်သိစိတ်။တစ်ဝိညဏ်တည်းမြင်သိလို့ ဖြစ်ကဲ့လား။ မဖြစ်ရင် သူနဲ့သဟဇာတဖြစ်တဲ့ ဝေဒနာမပါလား သညာ မပါလား စေတနာမပါလား။ အဆင်းလို့ခံစားတာ လူလား၊ ဝေဒနာလား။ နတ်လား ဝေဒနာလား။
ဗြဟ္မာလား ဝေဒနာလား။ဟော လူမပါဘူးနော်။ ဝေဒနာ။ အဆင်းလို့မှတ်တာ။ လူ၊နတ်၊ဗြဟ္မာလား သညာလား။ ခံစားနိုင်အောင် စေ့ဆော်တာ။ မှတ်နိုင်အောင် စေ့ဆော်တာ။ လူ၊နတ်၊ဗြဟ္မာလား- စေတနာလား။ ဝေဒနာ၊သညာ၊စေတနာ သုံးခုပေါင်းတော့ နာမက္ခန္ဓာ လေးပါးမပြည့်လား။ ဤလေးပါးပြည့်စုံမှ မြင်သိစိတ်ဖြစ်တာ။

လူ၊နတ်၊ဗြဟ္မာလား နာမက္ခန္ဓာလေးပါးလား။ မျက်စိအကြည်က လူ၊နတ်၊ဗြဟ္မာ ဟုတ်ကဲ့လား။ ရူပါရုံအဆင်းက လူ၊နတ်၊ဗြဟ္မာ ဟုတ်ကဲ့လား။ ခန္ဓာဖွဲ့ကြည့်တော့ ရူပက္ခန္ဓာ မရလား။ နာမက္ခန္ဓာလေးပါး နှင့် ရူပက္ခန္ဓာပေါင်း။ခန္ဓာငါးပါး။ အဲဒါ- အမြင်ခံ၊ အရှုခံတရားပေါ့၊ ရှုညဏ်က သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ၊ ပညာမဂ္ဂင် နှစ်ပါး။ သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ၊ သမ္မာဓိ မဂ္ဂင် သုံးပါးပေါင်းလိုက်တော့ မဂ္ဂင်ငါးပါး။ အမြင်ခံ အရှုခံက ခန္ဓာငါးပါး။ ရှုညဏ်က မဂ္ဂင်ငါးပါး။ အာရုံ- အာရမ္မဏိက ပိုင်းခြားတော့ ခန္ဓာငါးပါးက အာရုံတရား။ မဂ္ဂင်ငါးပါးက အာရမ္မဏိကတရား။ အာရုံမှန်တော့ သဒ္ဒါမှန်တယ်။ ယုံကြည်တယ်၊ ဘယ်လိုယုံကြည်တာလဲ။ ရူပက္ခန္ဓာ။ ဝေဒနာက္ခန္ဓာ။ သညာက္ခန္ဓာ။သင်္ခါရက္ခန္ဓာ။ ဝိညာဏက္ခန္ဓာ။လူမဟုတ်ဘူး ခန္ဓာငါးပါး။ အဲသည့် ယုံကြည်တဲ့ ပုဂ္ဂိုလ်ကို လူရှိတယ်၊ နတ်ရှိတယ်၊ ဗြဟ္မာရှိတယ်လို့ ဘယ်လိုပဲပြောပြော သူလက်မခံတော့ဘူး။ လက်မခံပါ့မလား။လက်မခံတော့ဘူး။ ဒါကြောင့် အာရုံမှန်တော့ သဒ္ဒါ မှန်တယ်။ အာရုံက ခန္ဓာငါးပါး။ အာရုံမှန်တော့ သဒ္ဓါမှန်တယ်။ အဲဒါ စိစစ်ဖို့ လိုတယ်။တစ်ခါ ဆက်ပြီးတော့ကြိုးစားကြဦးစို့။ အဲလိုကြိုးစားတဲ့အခါ ရူပက္ခန္ဓာကြီးက ဖောက်ပြန်ပြီးတော့မပျက်လား။ ဝေဒနာခံစားပြီးတော့မပျက်လား။ သညာမှတ်ပြီးတော့မပျက်လား။
စေတနာစေ့ဆောပြီးတော့ မပျက်လား။ ဝိညာဏက္ခန္ဓာသိပြီးတော့ မပျက်လား။ဟော ဖြစ်ပျက်ဘဲ တွေ့တယ်နော်။ ဒါတော့ အနိစ္စတွေ့တဲ့အချိန်။ခန္ဓာငါးပါးအနိစ္စ။ အနိစ္စတွေ့တဲ့အချိန် ခန္ဓာတွေ့သေးရဲ့လား။ ခန္ဓာမတွေ့တော့ဘူးနော်။ အဲဒါယုံကြည်ဖို့မကောင်းလား။ အာရုံ အာရမ္မဏိက ပိုင်းခြားဖို့လိုတယ်။ အဲသည့် ငါးပါးစလုံးက။အာရုံက အနိစ္စလို့မပြလား။ သိတဲ့ဉာဏ်လေးက အနိစ္စလို့ မသိလား။ အာရုံကဒုက္ခလို့မပြလား။ သိတဲ့ဉာဏ်လေးကဒုက္ခလို့မသိလား။ အာရုံက အနတ္တလို့ မပြလား။ သိတဲ့ဉာဏ်က အနတ္တလို့မသိလား။ အာရုံ အာရမ္မဏိက။ အာရုံမှန်တော့ သဒ္ဒါမှန်တယ်။ အနိစ္စ၊ဒုက္ခ၊အနတ္တ။စုလိုက်တော့ ဖြစ်ပျက်လို့ မဟောလား။ ဘာသစ္စာလဲ။ဒုက္ခသစ္စာ။ချမ်းသာတဲ့ တရားလား၊ ဆင်းရဲတဲ့တရားလား။ ဆင်းရဲတယ်လို့ အမှန်သိသွားပြီနော်။ စဉ်းစား စဉ်းစား။ ဆင်းရဲတယ်လို့ အမှန်သိသွားရင် သမ္မာဒိဋ္ဌိပေါ့။ အဲလိုစိစစ်ဖို့ မကောင်းလား။ အဲလိုအမှန်သိတဲ့ ပုဂ္ဂိုလ် ဒုက္ခသစ္စာလို့ အမှန်သိတဲ့ပုဂ္ဂိုလ် လူချမ်းသာရှိတယ်၊ နတ်ချမ်းးသာရှိတယ်၊ ဗြဟ္မာချမ်းသာရှိတယ်လို့ ဘယ်လိုပြောပြော သူလက်ခံပါ့မလား။ တွေ့နေတာက လူချမ်းသာတွေ့တာလား။ ဒုက္ခသစ္စာ။ နတ်ချမ်းသာတွေ့သလား။ ဒုက္ခသစ္စာ။ ဗြဟ္မာချမ်းသာတွေ့သလား။ ဒုက္ခသစ္စာ။ အာရုံမှန်တော့ သဒ္ဒါမှန်တယ်နော်။
အာရုံက ဒုက္ခသစ္စာကွဲ့။ ဒါတော့ လူချမ်းသာတွေ့သလား။ ဒုက္ခသစ္စာမှန်းသိတော့ အမှားမပျောက်လား။ လူချမ်းသာ၊ နတ်ချမ်းးသာ၊ ဗြဟ္မာချမ်းသာလို့ နှလုံးသွင်း။ နှလုံးသွင်းမှားတဲ့ အဝိဇ္ဇာချုပ်လား။ မချုပ်လား။ အဝိဇ္ဇာချုပ်ရင် အရင်းလဲရင် အဖျားထင်းဖြစ်တယ်လို့ ဆရာတော်၊သမားတော်တွေ မဟောလား။ တဏှာ၊ဥပါဒါန်တွေ လာသေးရဲ့လား။ စဉ်းစားဖို့မကောင်းလား။ ဒါ ကိလေသဝဋ် ချုပ်တာပေါ့။ကဲ ကိလေသဝဋ်။ တရားအားထုတ်တယ်၊ တရားနာတယ် ဆိုတာ ကိလေသဝဋ် ချုပ်ဖို့အဓိက၊ ကိလေသဝဋ်ချုပ်ရင် ကမ္မဝဋ်လာဦးမလား။ ကမ္မဝဋ်မလာရင် နောက်ခန္ဓာပေါ်ဦးမလား။ ခန္ဓာမရှိတာ နိဗ္ဗာန်ကွဲ့။ ကိလေသာမရှိတာ နိဗ္ဗာန်တဲ့ ကြားလား။ နိဗ္ဗန်ဟာ ဝင်းဝင်းကြီးပေါ်လာလိမ့်မယ်လို့ မအောက်မေ့နဲ့။ ဟိုမှာ သည်မှာလို့ မယူဆနဲ့ ကြားလား။ ကိလေသာ ချုပ်တာဗျား။ ခန္ဓာ ချုပ်တာဗျား။ ခန္ဓာမရှိတော့ မငြိမ်းဘူးလား။ ကိလေသာမရှိတော့ မအေးလား။ ငြိမ်းတဲ့သဘောနဲ့ အေးတဲ့သဘောကို နိဗ္ဗာန်လို့ခေါ်တာဗျား ။ အဲလိုစိစစ်ဖို့ မကောင်းလား။ အဲလိုသာဆို နှလုံးသွင်းမှန်မယ်ဆိုရင် မနက်အားထုတ် ညနေရတယ်။ ညနေအားထုတ် မနက်ရတယ် မဟောဘူးလား။ ကြာရင် (၇)ရက်။ခုတစ်လနေလည်းမတွေ့၊ တစ်နှစ်ကြာလို့လည်းမတွေ့။ သုံးနှစ်ကြာလို့လည်းမပေါ် နှလုံးသွင်းမှားတာဗျာ။
နှလုံးသွင်းမှားတော့ လွယ်ပါ့မလားဟေ့။ လွယ်ဘူးကွဲ့။ မလွယ်တာဘယ်လိုလဲ။ မြတ်စွာဘုရားရှိရင်က ဆန္ဒဆိုတဲ့ ရဟန်း ဘုရားနဲ့ ဖွားဖက်တော်။ မြတ်စွာဘုရား လေးဆယ့် ငါးဝါ ပြုလို့ ဝါတော် လေးဆယ် သက်တော် ရှစ်ဆယ်။ ဟော ပရိနိဗ္ဗာန် ပြုသွားပြီ။ ဆန္ဒ ရဟန်းဟာ သောတာပန်မတည်ဘူးကွဲ့။ ဒါ ဖြစ်ပျက်ပဲ ရှုနေတာနော်။ ဖြစ်ပျက်ချည်း ပဲ ရှုနေတာ။ ဘာကြောင့် မရတာလဲလို့။ ပရိညာ သုံးပါးမှာ ညာတပရိညာ၊ တိရဏပရိညာ၊ ပဟာနပရိညာ။ ညာတပရိညာမပါဘူး။ ငါမပြုတ်လို့။ ငါမပြုတ်လို့။ ဒိဋ္ဌိ ငါ မပြုတ်လို့။ ဒိဋ္ဌိ ငါ မပြုတ်လို့။ တဏှာ သတ်လေ့လာတာ ဖြစ်ပျက်။ ဒိဋ္ဌိ ငါ ပြုတ်ပြီးခါမှ ဖြစ်ပျက်လေ့လာရမှာ။ ဒိဋ္ဌိ မပြုတ်ဘဲနဲ့ တဏှာသတ်ပေါ့။ မြတ်စွာဘုရားက အရင်းကျကျ လေ့လာကြည့်တော့ကာ ဒိဋ္ဌိ သတ် တရားဗျား။ စဉ်းစားနော်။ ကဲ ဒိဋ္ဌိ ပြုတ်ပြီးပြီ ဆိုတဲ့အခါ ခြောက်ဒွါရ မှာ ပေါ်ချင်တဲ့တရားပေါ်။ သဗ္ဗေ သင်္ခါရာ အနိစ္စာ လို့ မဟောဘူးလား။ ကဲ ပေါ်လာတဲ့ တရားတွေဟာ အနိစ္စမှာ လမ်းဆုံးတယ်။ မဆုံးဘူးလား။ ဒါ ဝေဒနာပေါ်။ ဝေဒနာက ပေါ်ပြီးမပျက်လား။ သညာကလည်း ပေါ်ပြီးမပျက်လား။ တိတိကျကျပြောမယ်ဆိုရင် ဝေဒနာက ခံစားပြီးတော့ မပျက်လား။ သညာ မှတ်ြပီးမပျက်လား။ စေတနာ စေ့ဆော်ပြီးတော့ မပျက်လား။ ဝိညာဏက္ခန္ဓာ သိပြီးတော့ မပျက်လား။
ရူပက္ခန္ဓာ ဖောက်ပြန်ပြီးတော့မပျက်လား။ ခန္ဓာ ငါးပါးတွေ့သလား။ မရှိတာတွေ့သလား။ မရှိတာ အနိစ္စ။ ကဲ တွေ့တာ အနိစ္စ တွေ့တယ်နော်။ ခန္ဓာတွေ့တာလား။ မရှိတာတွေ့တာလား။ ဒါ အနိစ္စလို့မဟောဘူးလား။ သိတာက မဂ္ဂ လို့ မဟောဘူးလား။ တဏှာလာသေးရဲ့လား။ ဥပါဒါန်လာသေးသလား။ ကံလာသေးလား။ ပဋိစ္စသမုပ္ပါဒ် သုံးမျိုးမပြတ်လား။ တဏှာ ပဋိစ္စသမုပ္ပါဒ်၊ ဥပါဒါန် ပဋိစ္စသမုပ္ပါဒ်၊ ကံပဋိစ္စသမုပ္ပါဒ် သုံးမျိုးပြတ်တယ်။ နောက်ခန္ဓာ ဇာတ်မသိမ်းလား။နိရောဓသစ္စာလို့မဟောဘူးလား။ အဲလို စဉ်းစား။ နိရောဓ သစ္စာ။ ဒါ ခန္ဓာချုပ် ကိလေသာ ချုပ်ပေါ့။ အဲဒီနေရာရောက်အောင်ကြိုးစားအားထုတ်ရမယ် ကြားလား။ အဲဒီ အသိဉာဏ်လေးရ ပြီးတော့မှ ပေးမယ် ကမ်းမယ် လှူမယ် ဒါန်းမယ် ဆိုရင် နိဗ္ဗာန ပစ္စယောဟောတု။ နိဗ္ဗာန်က လွဲလို့ ဘယ်ဘုံမှ မလိုဘူးပေါ့နော်။ လိုရဲ့လား။ သုံးဆယ့်တစ်ဘုံ က မလိုချင်လို့ လှူတာကွဲ့။ သစ္စာကို သိပြီးတော့ လှူတာ အင်မတန် ဆင်းရဲတဲ့တရားကိုး။ ခန္ဓာရတဲ့ ပုဂ္ဂိုလ်ဟာ အို၊ နာ၊သေ လွတ်ကဲ့လား။ သူဌေး ကြီးက လည်း အို၊ နာ၊သေ လွတ်ကဲ့လား။ ရှင်ဘုရင်ကြီးကော အို၊ နာ၊သေ လွတ်ကဲ့လား။ မလွတ်ဘူးနော်။ ဘာ သစ္စာ လဲ။ အဲလို သိတဲ့ အခါ ခန္ဓာ လွတ်ချင်လို့ လှူတဲ့ အလှူ ဆိုတော့ကာ ဝိဝဋ္ဋဒါန လို့ မဟောလား။
ကဲ အဲဒါ ခန္ဓာကို အကျိုး အပြစ်ကို သိလို့ လှူကာမှ မဂ္ဂ နိရောဓလို့ ဟောတာဗျား။ အဲလို စီစစ်ဖို့မကောင်းလား။ ကံကို ယုံကြည်ရ မယ်နော်။ ဉာဏ်ကို အားကိုး ရ မယ်ကြားလား။ ယုံကြည်ဖို့မကောင်းလား။ ကဲ တစ်ခါ ပြန်ပြီးတော့ လေ့လာကြဦးစို့။ ကံဘက်က ဆရာတော် သမားတော်တွေ ပြောကြတယ်။ ညောင်စေ့လောက်လှူငြားသော်လည်း ညောင်ပင်ကြီးလောက်ရတယ်။ ညောင်ပင်ကြီးလောက်လှူငြားသော်လည်း ညောင်စေ့လောက်ရတယ်။ ကြားဖူးကြရဲ့လား။ ကြားဖူးတယ်နော်။ ရှေးထက်ကျော်ကာရီက အန္နာရ မြက်ရိတ်သမား ရဲ့ ဆွမ်းအလှူ၊ မြက်ရိတ်ပြီးတော့မှ အဲဒီ မြက်ကိုရောင်းပြီးတော့ မှ စားဝတ်နေရေးရှာရတာ။ရာသီဥတုက ဆောင်းရာသီ။ စောစောစီးစီး ထမင်းချက်ထားတယ်။ အပြန်ခါ လွယ်လွယ်စားဖို့။ ရာသီဥတုနဲ့ ပတ်သက်လို့ ဆောင်းရာသီ။ မြက်ရိတ်လို့ ပြန်လာတဲ့ အခါ ပစ္စေက ဗုဒ္ဓါ အရှင်မြတ်က ဖလသမာပတ်က အထွက် ဆွမ်းခံကြွလာ။အန္နာရ မြက်ရိတ်သမားက မြက်ရိတ်လို့ အပြန် သွားတွေ့။ အရှင်ဘုရား။ အရှင်ဘုရား။ ရပ်ပါ ဦး ဘုရား။ တစ်မြို့လုံးမှာ ကြည့် ချင်သလိုကြည့် တပည့်တော်လောက်ဆင်းရဲတဲ့ ပုဂ္ဂိုလ် တစ်ယောက်မှမရှိဘူး။ ဒီနေ့တော့ တပည့်တော်ကို ချီးမြှောက်တော်မူပါတဲ့။ အဲဒါ နဲ့ ဆိတ်ဆိတ် နေတယ်။ သူ့နောက်ကို လိုက် သွားတယ်။
 မြို့ထဲဝင်လို့ တစ်ပြ နှစ်ပြ သွားတော့ သူ့ အိမ်ဝန်းပေါက်ကိုရောက် သူဌေးကြီးရဲ့ အိမ်မ်ဝန်းနောက်ဖေးတန်းလျားလေးမှာ နေလို့ မြက်ရိတ်ပြီးတော့ ရောင်းစားရတယ်။ အပြန်မှာ စားဖို့လို့ ချက်ထားခဲ့တဲ့ ထမင်းကို ခူးပြီးတော့မှ ငါးပိဖုတ်လေးနဲ့ လှူလိုက်လောင်းလိုက်တယ်။ မနက်စောစောကချက်ထားခဲ့တယ်။ ဆောင်းရာသီကြီးဆိုတော့ အေးနေတာပေါ့။ ငါးပိဖုတ်ကလည်း ဆီပါပုံမရဘူး။ အရှင်ဘုရားကို ဒီနေ့ ဆွမ်းလှူခဲ့တဲ့ ကိစ္စ။ကုသိုလ်ကံ စေတနာကြောင့် ဒီနေ့ အချိန်ကစ မရှိ။ မဝ မလှဆိုတာ တပည့်တော်မကြားပါရစေနဲ့။ အသင် တောင်းတဲ့ဆုအတိုင်း ပြည့်စေတဲ့။ ထီးချက်စောင့် နတ်သ္မီးက သာဓု ခေါ်တယ်။ သုံးကြိမ်။ အသံက စာ စာနေလို့ အသံက အလွန်ကောင်း။ စာစာ လာလာ။ သူဌေးကြီးကကြားတယ်။ အခုသာဓုခေါ်တာဘယ်သူလဲ။ ငါ ထီးချက်စောင့် နတ်သ္မီး။ ဘယ်သူ့အလှူ သာဓုခေါ်တာလဲ။ အန္နဘာရ မြက်ရိတ်သမားရဲ့ ဆွမ်းအလှူကို ငါ သာဓုခေါ်တယ်။ ငါ ခါတိုင်းက ရှင်ပြုခဲ့တာ အပါး တစ်ထောင်ကျော်ပြီ။ တစ်ခါမှ မခေါ်ပါလား။ ရဟန်းခံတာလည်း တစ်ထောင့်ငါးရာ ကျော်ပြီ။ တစ်ခါမှ မခေါ်ဘူး။ ဘုရားတည်တာလည်းမခေါ်။ ကျောင်းဆောက်တာလည်းမခေါ်။ အမျိုးမျိုးကုသိုလ်လုပ်တာ ဘာပြုလို့ မခေါ်သလဲ။ သူဌေးကြီးရဲ့ အလှူ ငါ သာဓုမခေါ်နိုင်ဘူး။ ဘာဖြစ် လို့မခေါ်တာလဲ။
ဆန်တစ်တင်းမှာ နို့ဆီနှစ်လုံးလျော့ပါတယ်။ တစ်လုံးလျော့ပါတယ်။ တစ်ပိဿာမှာ နှစ်ကျပ်သားလျော့။ သုံးကျပ်သားလျော့ပါတယ်။ မခေါ်နိုင်ဘူးတဲ့ ကြားလား။ သီလနဲ့ မပြည့်စုံဘူးတဲ့။ သူဌေးကြီးလှူတာ နည်းတာမဟုတ်ဘူး။ ပရိသတ် တစ်ခါတစ်ခါပင့် သောင်းချီပင့်တယ်။ ပရိသတ်တွေ ကူညီထောက်ပံ့ငွေရတာက တစ်မျိုး။ ကျွေးတာက ကုန်းသတ္တဝါ။ ရေသတ္တဝါ။ ကုန်းသတ္တဝါ မစားတဲ့သူ ရေသတ္တဝါ။ သတ္တဝါ မစားတော့ သတ်သတ်လွတ်။ စုံအောင်ကျွေးတာ။ ဗလာတီးက တစ်မျိုး၊ အငြိမ့် က တစ်မျိုး။ ဇာတ်က တစ်မျိုး။ ပရိသတ်ကြိုက်အောင် ငှားတာ။ ကြည့်။ ပရိသတ်တွေက အားရပါးရ ပါ့။ အဲဒီ အလှူမျိုးတော့ မတွေ့ဘူးမကြုံဘူး။ တော်ပါပေတယ်ကွဲ့။ သူဌေးကြီးလို့ ချီးမွမ်းကြတယ်။ ပရိသတ်တွေကကြားလား။ စဉ်းစားဖို့မကောင်းလား။ ထီးချက်စောင့် နတ်သ္မီးက သာဓုမခေါ်ဗျား။ ဒါ ကြောင့် ညောင်ပင်ကြီးလောက်လှူငြားသော်လည်း ညောင်စေ့လောက်ရ။ သန့်ရှင်းရဲ့လား။ သီလနဲ့မပြည့်စုံဘူး။ အန္နဘာရက သီလနဲ့ ပြည့်စုံတယ်။ ကြားလား။ အဲဒါနဲ့ … ဟေ့ မင့် အလှူငါ့ ကို ရောင်း။ အသပြာတစ်ထောင်ပေးမယ်။ သူဌေးကြီးက အသပြာတစ်ထောင်ပေးတာ မရောင်းနိုင်ဘူးတဲ့။ ငါ မွဲတယ်တဲ့။
ဘုန်းကြီးက မွဲရင်တော့ ရောင်းလိုက်တော့ မှာကွဲ့။ မရောင်းနိုင်ဘူးတဲ့။ ငါ မွဲတယ်တဲ့။ သို့မဟုတ်ရင်လည်းအမျှပေးတဲ့။ ငါ့အလှူ သူဌေးကြီးအမျှပေးလိုက်ရင် ငါ့ဟာတွေလျော့ကုန်မလား မသိဘူးတဲ့။ ငါလှူတဲ့ အရှင်သခင်မေးဦးမယ်တဲ့။ ရုတ်တရက် ငါမပေးနိုင်ဘူးတဲ့။ သွားပြီး တောရ ဆောက်တည်တဲ့ အရှင်သခင်သွားမေး။ တပည့်တော် အလှူကို သူဌေးကြီးကဝယ်တယ်ဘုရား။ အသပြာတစ်ထောင် တပည့်တော် မရောင်းနိုင်ဘူး။ မရောင်းနိုင်လည်း အမျှပေး ပါလို့တောင်းတယ်။ အမျှပေးရင်လျော့မလား။ မလျော့ဘူးလားဘုရား။ မလျော့ဘူး ပေးသာပေးလိုက်။ မလျော့ဘူးဆိုတာ တပည့်တော် နားမလည်ဘူး။ မလျော့တာသိချင်သေးတယ်။ အဲဒါ ရှင်းပေးပါတဲ့။ မလျော့ဘူးဆိုတာ တပည့်တော် နားမလည်ဘူး။ အဓိပ္ပာယ်မပေါက်ဘူး။ မလျော့တာသိချင်တယ်တဲ့။ အလွန်မေးတတ်တယ်။ ဘုန်းကြီးတို့သာဆိုရင် ပေးသာပေးလိုက်ဆို ပေးတော့မှာ။ အဓိပ္ပာယ်မသိဘဲ နဲ့ပေးလိုက်မှာ ကြားလား။ အဲဒါ သိချင်တယ်တဲ့။ ကောင်းပြီ။ အကာလညအခါ မီးထွန်းထား။ မြောက်ကအိမ်က မီးလာ ညှိထွန်းမယ်။ မြောက်ကအိမ်ကိုယူ မြောက်ကအိမ်မှာမီးမလင်းလား။ သူ့မီးလျော့ရဲ့လား။ တောင်ကအိမ်က လာညှိထွန်း။ တောင်ကအိမ်မှာ မီးမလင်းလား။ သူ့မီးကားလျော့ရဲ့လား။ အနောက်Aအိမ်ကလာ ညှိထွန်း။ အနောက် ကအိမ်မှာ မီးမလင်းလား။
သူ့မီးကားလျော့ရဲ့လား။ အရှေ့အိမ်ကလာ ညှိထွန်း။ အရှေ့ကအိမ်မှာ မီးမလင်းလား။ သူ့မီးကားလျော့ရဲ့လား။ တစ်ရွာလုံးက ညှိထွန်းတော့။ တစ်ရွာလုံး မီးမလင်းလား။ သူ့မီးလျော့ရဲ့လား။ ကျေနပ်ပြီတဲ့။ ပေးတော့မယ်တဲ့။ အဲဒီလို အဓိပ္ပာယ်သိဖို့လိုတာ။ အခုက သိဟန်ဆောင်တာ ခက်တယ်ဗျား။ နော်။ စဉ်းစားဖို့မကောင်းလား။ မသိဘဲနဲ့ပေးလိုက်တာတွေ ထိထိမိမိမရှိဘူး။ အဲဒီလို သိဖို့လိုသေးတယ် ကြားလား။ ညောင်စေ့လောက်လှူငြားသော်လည်း ညောင်ပင်ကြီးလောက်ရတာ။ ဟိုက ညောင်ပင်ကြီးလောက်လှူငြားသော်လည်းညောင်စေ့လောက်ဟေ့။ ကဲ ဘယ်မှာကွာတာလဲ။ သီလပြည့်စုံတာနဲ့ မပြည့်စုံတာ မခြားနားဘူးလား။ အဲဒါသီလ ခြံရံတဲ့ အလှူကွဲ့။ သီလခြံရံတဲ့အလှူ။ သူဌေးကြီးက လောဘခြံရံတဲ့အလှူ။ အဲဒီ လှူချင် တန်းချင်တာ ငါ လား စေတနာလား။ စေလူတနာ။လူလား စေတနာလား။ နတ်လား စေတနာလား။ ဗြဟ္မာလား စေတနာလား။ ကဲ အဲဒီ အလှူစေတနာကို လောဘ ခြံရံတာ။ လူချမ်းသာ ဖြစ်ချင်တာ လောဘ။ နတ်ချမ်းသာ ဖြစ်ချင်တာ လောဘ။ ဗြဟ္မာချမ်းသာ ဖြစ်ချင်တာ လောဘ။ ကဲ …အန္နဘာရက သီလခြံရံတယ်နော်။ အဲဒီဘဝကသေ သွားတဲ့အခါ …. အနုရုဒ္ဓါ မင်းသား။ အနုရုဒ္ဓါ မင်းသား ဖြစ်သွားတယ်။ ဘုရားညီတော် ပေါ့ကွာ။ တစ်ဆယ်၊ တစ်ဆယ့်နှစ်နှစ် အရွယ်ရောက်တော့ ဒိုးထိုးကစားတယ်။
ပေသီးပေါက်ကစားတယ်။ ဂျင်ကစားတယ်။ ဆာလောင်မွတ်သိပ်တဲ့အခါ မိခင်ဆီမှာစားစရာ သွားအတောင်းခိုင်းတာ မိခင်ကလည်း အဆင်သင့်။ သားတောင်းတဲ့အခါ ပေးနိုင်အောင်လို့ အဆင်သင့်လုပ်ထားတယ်။ တစ်နေ့သ၌ ကျတော့ ရပ်ဝေး ဧည့်သည်တွေကရောက်တော့ ဧည့်သည်တွေ နဲ့စကားပြောရတာနဲ့ သားအတွက် သွားရည်စာ မလုပ်နိုင်ဘူး။ အတောင်းခိုင်းတဲ့အခါကျတော့ ငါ့သားရယ် ဒီနေ့တော့ကာ သွားရည်စာ ဧည့်သည်တွေရောက်လို့မလုပ်နိုင်ဘူး။ စားစရာမရှိဘူး ပြောတော့။စားစရာမရှိဘူးတဲ့လို့။ အဲဒီမရှိတဲ့ မုန့်ကို သွားတောင်းချေ ခိုင်းတော့တာ။ မရှိတဲ့မုန့်ကိုပေးလိုက်ပါတဲ့ဗျား။ ဟိုကလွတ် အင်း ငါ့သား ငါ့သား မရှိတာ နားမလည်ဘဲကိုး။ မရှိတဲ့ အကြောင်းကို သိစေရမယ်လို့ အုပ်ခွံပဲပေးလိုက်တာ အုပ်ခွံပဲပေးတာ အုပ်ခွံပဲယူသွားနိုင်တော့တာ။ လူမင်းဘုန်းကြီး နတ်မင်းမနေနိုင်။ နတ်တွေက နတ်သြဇာ ထည့် ပေး။ ဟိုရောက် ဖွင့်ပြီးတော့စားတာ။ စောစောကပေးပါတော့ဗျာ။ မရှိတဲ့မုန့်က သာလို့ ပါ့ကောင်းတယ်တဲ့။ မရှိတဲ့ မုန့်ကသာလို့ကောင်းတယ်တဲ့။ ကဲ လူမင်းဘုန်းကြီး နတ်မင်းမနေနိုင်။ ယုံ ကြည်ဖို့မကောင်းလား။ အဲလို စီစစ်ဖို့လိုတယ်။ စဉ်းစားနော်။ သီလခြံရံတာနဲ့ လောဘခြံရံတာ တူပါ့မလား။ ခန္ဓာတရား သစ္စာတရား ပဋိစ္စသမုပ္ပါဒ် တရားကိုသိရင်
သတိ ပညာ ခြံရံတယ်။ သတိပညာခြံရံတော့ ကာ လှူသမျှ ဒါန်းသမျှတွေ။ စဉ်းစားကြ။ ပုဗ္ဗ၊မုဉ္စ၊ပရ စေတနာ။ စေတနာသုံးတန်ပြတ်မှ အကျိုးများမယ်ဆိုတာ ကြားဖူးကြရဲ့လား။ စေတနာသုံးတန်ပြတ်ရမှာနော်။ စေတနာသုံးတန်ပြတ်အောင် ဘယ်လိုလှူကြမလဲဟေ့။ ဟင် တောက်လျှောက်ဟောသွားတော့ အဓိပ္ပာယ်ပေါ်မှာမဟုတ်ဘူးကွဲ့။ အဓိပ္ပာယ်ပေါ်ရင် တစ်လုံးတည်းသိ အကျိုးရှိတယ်။ တစ်လဟောလို့ မသိ အလကားဘဲ။ ပြောကြတယ်။ကျုပ်ကလည်း မလှူရင် အရှင်း လှူရင် စေတနာ သုံးတန်ပြတ်ပြီးသား။ ကျုပ်ကပြတ်တယ် စေတနာသုံးတန်။ ရုပ်ကိုမေးလိုက်လည်းမသိ။ နာမ်ကိုမေးလို့လည်းမသိ။ ပြတ်တယ်တဲ့ဗျား။ ရုပ်နာမ်မသိဘဲ စေတနာဘယ်လိုပြတ်မှာလဲ။ ဟင် စဉ်းစားဦး။ပြတ်ပါ့မလား။ ပုဂ္ဂိုလ်သတ္တဝါကမပျောက်။ အဲဒါတွေ လိုတယ်။ ကောင်းပြီတဲ့။ စေတနာသုံးတန်။ ပုဗ္ဗ၊မုဉ္စ၊ပရ စေတနာ။ အလှူရှင်တွေ ရှာလိုက်ကြစို့။ ဒီနေ့ ကျုပ်ဆွမ်းကျွေးအလှူ ကျုပ်တာဝန်ကျတယ် ကျတယ်ဆိုတော့ ပထမ လှူချင်တဲ့ စိတ် ကျွေးချင်တဲ့ စိတ်ကလေးက လူလား ပုဗ္ဗစေတနာလား။ ပထမပေါ်တာနော်။ ဒါ ပုဗ္ဗစေတနာပေါ်တော့ကာ ကျွေးဖို့မွေးဖို့တွေ မကြံစည်ရပေဘူးလား။ အားလုံး အကုန်လုံး အဆင်သင့်လုပ်ပြီးတော့။ ကျွေးဖို့အဆင်သင့်ထားရတာ။ ဆီ၊ဆန်၊ဆား၊ငါးပိ၊ငရုတ်၊ကြက်သွန်၊ ချက်စရာ ပြုတ်စရာ အဆင်သင့်လုပ်မထားဘူးလား။
အဲဒါ ပုဗ္ဗာစေတနာ။ အဲဒီလိုပြည့်စုံပြီဆိုတော့ ပုဗ္ဗာစေတနာက သေသွားတော့တာ ကွဲ့။ စာလိုတော့ အနိစ္စရောက်တယ်လို့ခေါ်တာပေါ့။ ပုဗ္ဗာစေတနာသေပြီးတော့ ချက်ပြုတ်ပြီးတော့မှ ဒီနေ့ကိုယ်တိုင် ကပ်မယ်။ မုဉ္စစေတနာ လေး ပေါ်လာပြီ။ အဲဒါ ပုဗ္ဗစေတနာ ရှိနေရင် မုဉ္စစေတနာ ပေါ်လို့ရပါ့မလား။ အာရုံနှစ်ပါး ပြိုင်လို့ရရဲ့လား။ ပုဗ္ဗစေတနာက ကြံစည်ပြီးတော့ ပျက်သွားတယ်။ ပုဗ္ဗစေတနာတွေ့သလား။ မရှိတာတွေ့သလား။ မရှိတာ အနိစ္စ။ သိတာ မဂ္ဂ။ ကဲ မုဉ္စစေတနာ ဝင်လာပြီ။ ငါကိုယ်တိုင်ကပ်မယ်။ သဟတ္ထိက မြောက်ကပ်တာ။ ကဲ မုဉ္စစေတနာ ကပ်ပြီးတော့ခါ မုဉ္စစေတနာလေးက ပျက်မသွားဘူးလား။ ပျက်သွားတော့ခါ ပရစေတနာ ဝင်လာတော့တာ။ ငါ့အလှူအထမြောက်ပြီလို့ ဝမ်းမြောက် ဝမ်းသာ ဖြစ်မလာဘူးလား။ အဲဒါ ပရစေတနာ။ ပုဗ္ဗ၊မုဉ္စ၊ပရ စေတနာ။ ကဲ ပထမစေတနာ ကပုဗ္ဗစေတနာက က အနိစ္စ။ မရှိတာ အနိစ္စ။ သိတာ မဂ္ဂဆိုတော့ တဏှာလာသေးရဲ့လား။ ကဲ မုဉ္စစေတနာကလည်း ကပ်ပြီးတော့သူကလည်း ပျက်မသွားဘူးလား။ ကဲ ပျက်တယ်သိတော့ နောက် တဏှာ လာသေးရဲ့လား။ ပရစေတနာက ငါ့အလှူအောင်မြင်ပြီ အထမြောက်ပြီလို့ ဝမ်းမြောက် ဝမ်းသာဖြစ်ပြီးမပျက်ဘူးလား။ ကဲ အနိစ္စလို့သိတာက မဂ္ဂလို့မဟောဘူးလား။ တဏှာ၊ ဥပါဒါန်၊ ကံလာသေးရဲ့လား။ ပဋိစ္စသမုပ္ပါဒ် သုံးမျိုးမပြတ်လား။
 အဲဒါကြောင့်မိုလို့ စေတနာ သုံးတန်ပြတ်ဖို့ပြောတာနော်။ လှူတယ်ဆိုတဲ့ ကိစ္စလည်း စဉ်းစားကြ။ အပြောတော့ပြောတတ်တယ် မသိ။ ကဲ အခု ဘုန်းကြီးကို ကြည်ညိုတဲ့ ပုဂ္ဂိုလ်။ ဥပမာ ဥပမာ။ သင်္ကန်းက အင်မတန်ကောင်းတဲ့ သင်္ကန်း။ စီဝိုင်စီထဲ မှာ နံပါတ်တစ်။ ဒိပြင်က အသင့်အတင့်။ စီဝိုင်စီတွေက သုံးသောင်း။ သူက တစ်သောင်းငါးထောင်လောက်ပေးရမယ်။ ဘုန်းကြီးကို ကြည်ညိုလွန်းလို့ ဘုန်းကြီးကို လှူချင်တာ။ အဲဒီတော့ ဘုန်းကြီးကို လှူတယ် ဆိုကြစို့နော်။ လှူတဲ့အခါမှာ သံဃဿဒေမ။ မြတ်စွာဘုရားရှိစဉ်က မိထွေးတော်ဂေါတမီ သင်္ကန်းရက်ပြီးတော့ သားဘုရားကို လှူမယ်ဆိုလို့ သင်္ကန်းရက်။ မိထွေးတော်ဂေါတမီတဲ့ ငါဘုရားတစ်ပါးတည်းလှူတော့ ငါဘုရားတစ်ပါးတည်း ရတာပေါ့။ သိပ်အကျိုးမရှိဘူး။ သံဃာ ကို ရည်မှန်းပြီးတော့ လှူပါတဲ့။ သံဃဿဒေမ သံဃာရည်မှန်းလှူလို့ ရှိရင် ငါ ဘုရားလည်းရတယ်။ သံဃာတွေလည်းရတယ်။ သမုဒ္ဒရာရေ ဆယ်ဝင်ပုံးနဲ့ချိန်ကြည့်။ ဘယ်နှစ်ပုံးရှိမလဲလို့်မမေးဘူးလား။ မရေတွက် နိုင်ဘူးတဲ့။ အဲလိုအကျိုးများတယ်။ သံဃာအားလှူပါ။ သံဃဿဒေမ။ အဲဒါ ပြောတာဆိုတာကြားဖူးတယ်။ သိတယ်။ သဘောမပေါက်။ ဘယ်လိုတွေလဲ။ ဒါဘုန်းကြီးကို ကပ်တယ်။ ဘုန်းကြီးက လက်ခံရပြီး အနားမှာရှိတဲ့ ရဟန်းတစ်ပါးကို ရော့ ဘုန်းကြီးက စွန့်လိုက်ပြီ။
လှူလိုက်ပြန်တာ။ ဟိုကလှူတဲ့လူက ကျေနပ်မလား။ မ ကျေနပ်ဘူးလား။ မကျေနပ်ဘူးနော်။အေး ဒါနဘာဝနာ ဟိုဘုန်းကြီးလှူတော့ ဘုန်ကြီးလက်ထဲရောက်ပြီ။ သူ့ဟာ ဟုတ်ကဲ့လား။ ဘုန်းကြီးဟာကွဲ့။ ဘုန်းကြီးက ဟို လှူတော့ သဘောမကျပြီ။ မကျဘူး။ ကဲတဆင့် လှူတော့ကာ ကုသိုလ်တွေ ပွားမလာဘူးလား။ ကုသိုလ်ကပွားရမှာ ကွဲ့။ ခုတော့ သဘောမကျဘူးတဲ့။ ဟင် စဉ်းစားဦး။ ကိုယ့်စိတ်ကို မေးကြည့်ကြဦးဗျား။ အဲလို လေ့လာဖို့မကောင်းလား။ မေး မေး မေး။ ဒါနဘာဝနာ။ သီလဘာဝနာ။ ပွားရတာ ကုသိုလ်တွေတိုး တိုး မနေဘူးလား။ ကုသိုလ်ဆိုတာ ဆင်းရဲတဲ့တရားလား။ ချမ်းသာတဲ့တရားလား။ ချမ်းသာတဲ့ တရားကွဲ့။ ရှေးက သူဌေးကြီးရှိတယ်။ လမ်း မနက်စောစော လမ်းလျှောက်သွားတာ။ ကင်းတဲမှာ အိပ်တော့ ခြေတွေက ခြေထောက်တွေက ခြေသလုံးတွေမှာ ရွံ့တွေမြင်တာ။ ဟင် သူဌေးကြီးနှုတ်က ညလူကိုး လို့ပြောပြီးတော့ သွားတော့ကာ ခေါင်းမီးခြုံ ဖွင့် ပြီးတော့။ လှပ်ပြီးတော့ ကြည့်တာ။ သူဌေးကြီးကို မြင်တယ်။ ငါ့ကို ဒီလိုပြောရမလား သူဌေးကြီးရဲ့ လယ်ယာကိုင်းကျွန်းတွေ စပါးပုံတွေ ကောက်လှိုင်းပုံတွေ အကုန်မီးရှို့ပစ်တာ။ သူဌေးကြီးရဲ့တဲတွေ အကုန်မီးရှို့ပစ်တာ။ သူဌေးကြီးက အပြုံးမပျက်ဘူး။ အမျိုးမျိုးအနှောက်အယှက်ပေးတာ မပျက်ဘူး။
အဲသလောက်ရှိက သူဌေးကြီးဆောက်ထားခဲ့တဲ့ မြတ်စွာဘုရား သီတင်းသုံးတဲ့ ကျောင်းကြီး အဲဒီကျောင်းကြီး မီးရှို့တာဗျား ကြားလား။ သူဌေးကြီးက ရပ်ပြီးတော့ကြည့်တယ်။ ဟာ ကုသိုလ်တွေတိုးပြန်ပြီ။ ကုသိုလ်တွေတိုးပြန်ပြီတဲ့။ ဝမ်းသာလိုက်တာ။ သူဌေးကြီးမှာ သူဆောက်တဲ့ကျောင်းကြီး မီးလောင်သွားတာလေ။ ကုသိုလ်တွေတိုးပြီတဲ့။ ကျောင်းမရှိတော့ အသစ်မဆောက်ရဘူးလား။ ဆောက်ရမလား။ ကုသိုလ်တွေတိုးပြီတဲ့။ ကဲ ကုသိုလ်လျော့သလား တိုးသလား။ ဘုန်းကြီးသာဆို ဟာကွာ သိန်းပေါင်းတစ်ထောင်ကျော်မကဘူးနော်။ နှစ်မျှောတာဟေ့။ ကဲ လှူတာပြတ်လို့လား မပြတ်လို့လား။ မပြတ်လို့။ ဟိုမှာမီးလောင်သွားတာတောင် နှမျှောနေသေးတာ။ နှမျှောရင်က ရဦးမှာတဲ့လား။ ပြာကျပါပြီးပြီ ဆိုပါကိုး။ နှမျှောတုန်းရှိသေးတယ်။ ဟင် စဉ်းစားဖို့မကောင်းလား။ ကဲစေတနာတွေ အဲလို ပြန်ဆန်းစစ်ဖို့လိုတယ်။ ငါ့အလှူတွေ အသစ်တိုးပြီတဲ့ဗျား။ စဉ်းစားဖို့။ ကုသိုလ်ဆိုတာ တိုးတာ။ ကဲကုသိုလ်တိုးတာ ပြန်စဉ်းစားကြဦးစို့။ ကံကံရဲ့ အကျိုးယုံကြည်ရမယ်။ ကုန်သည်အနေနဲ့ ကိုယ်က အကြွေးပေးထားတာ။ ကိုယ်က တစ်သိန်းဖိုး တစ်ကြိမ်တောင်းလည်းမရ နှစ်ကြိမ်တောင်းလည်းမရ။ သုံးကြိမ်တောင်းမရ။ စိတ်ဆိုးတော့တာ။ စိတ်ဆိုးပြီ။ မင်းတို့ ကိုယ်ချင်းစာဦးကွဲ့။
အတိုးချထားရင် ခုနေခါ ဘယ်လောက်တိုးမှာ။ မင်းတို့ အခု ခြောက်လရှိပြီ။ မင်းတို့ ဘယ်လိုလဲ။ အဲလိုပြောတဲ့အခါ ပေးရမယ့်လူက စိတ်ချမ်းသာမလား စိတ်ပူမလား။ စိတ်ပူတယ်နော်။ ဓာတ်ဘူးထဲရေနွေးထည့်ထားတော့ ပူမလာဘူးလား။ ရေအေးထည့်တော့ အေးမလာဘူးလား။ ဓာတ်ဗူးပမာဏကဲ့သို့ စေတနာအတိုင်း အကျိုးပေးတယ်။ စီစစ်။ စီစစ်ဖို့မကောင်းလား။ ကဲ အဲလို ဟိုလူက နောက်ကို ခဏခဏတောင်းရပါ့။ ရဦးတော့။ မပေးသေးဘူးဟေ့ စိတ်ဆိုးပြီ။ ကုသိုလ်လား အကုသိုလ်လား။ ဘုန်းကြီးတို့ ဆီမှာရှိတယ်။ ဂန့်ဂေါနယ်က။ ရွာက မွှေ့လယ်ရွာ။ အိမ်ခြေရှစ်ရာလောက်ရှိမယ်။ ဦးဘစံ ဒေါ်ကြွယ်အေးတဲ့။ ကြွေးတောင်းသွားတာ ကြွေးတောင်း။ ကြွေးတောင်းသွားတာ။ဟဲ့- အားလုံးနေကောင်းကြရဲ့လား။ နေလို့ထိုင်လို့ ပြေကြလား။ ဟ စားဝတ်နေရေးက ဘယ်လိုလဲ ဟဲ့။ ကျန်းမာရေးက ဘယ်လိုလဲဟ။ ဦးလေးရယ် ကျန်းမာရေးလည်း ကောင်းပါတယ်။ စားဝတ်နေရေးက အသင့်အတင့် ဦးလေးကို ပေးရအောင်လို့ ရှာတာလေ ရကိုမရဘူး ဦးလေးရယ်။မပေးနိုင် ရှာလို့မရဘူး။ မရတာတော့ မတတ်နိုင်ဘူးဟဲ့။ အဲဒါ သောကမစိုက်နဲ့။ ရမှမရတာ ဘယ်တတ်နိုင်မလဲ။ နင်တို့စိတ်ချမ်းသာအောင်နေကြ။ ဒီ့အတွက် သောက မစိုက်နဲ့။ အဲဒီစကားမျိုးလေးပြောတော့ ဟိုလူစိတ်ဆင်းရဲမလား စိတ်ချမ်းသာမလား။
 ဓာတ်ဗူးထဲ ရေအေးထည့်ရသလိုနေတာဟဲ့ စဉ်းစားဖို့မကောင်လား။ သူ့ စိတ်က တစ်သိန်းမရဘူး။ နှစ်ချုပ်တာ။ တစ်ခါ နှစ်ချုပ်တာ။ တစ်နှစ်မှာ တစ်ဆယ့် ငါးသိန်းလောက် အမြတ်ထွက်တယ်။ သူ့ဆီက တစ်သိန်းမရတော့ကာ ဆယ့်လေးသိန်းလောက် ရ။ ရမှာပေါ့။ ခုတော့ အဲဒီနှစ် သူ့ဆီကသာမရတာ။ သိန်းနှစ်ဆယ်ဗျာ ဟိုမှာတိုးလာခဲ့သေးတာ။ မလျော့တဲ့အပြင် တိုးလာခဲ့သေးတာ။ ဟိုမှာကြည့် ကုသိုလ်က ကဲ သူ့စေတနာအတိုင်း အကျိုးပေးမနေဘူးလား။ အဲလိုစိတ်ထားဖို့လိုတယ်။ ယုံကြည်ဖို့မကောင်းလား။ ယုံကြည်ဖို့လိုတယ်။ ရှေးက မစ္ဆရိယကောသိယသူဌေး နှမျှောကတော့ နံပါတ်တစ်။ ဆာလောင်မွတ်သိပ်လို့ ဈေးထွက်သွားတာ သွားရည်စာ စားဖို့ မုန့်ပဲသွားရည်စာ အဝယ်ထွက်သွားတာ ဟိုမုန့်ကိုမေးလိုက်။ ဈေးကြီး။ ဒီမုန့်ပြားသလက်ကိုမေးလိုက် ဈေးကြီး။ လျှောက်အနှံ့မေး။ရှင်မရေ မဖြစ်ဘူး မဖြစ်ဘူး။ ကိုယ့်အိမ်နဲ့ကိုယ် လုပ်စားတာက တော်လိမ့်ဥ။ီးမယ် အိမ်ကို ပြန်မယ်။ အေ ကောင်းပါတယ်။ အိမ်မှာလုပ်စားတာပေါ့။ ဟိုရောက်တော့ တစ်အိမ်လုံးအတွက် မဟုတ်ဘူးလား။ တစ်အိမ်လုံးဆို မွဲမှာပ ဟဲ့။ ငါတို့လင်မယားနှစ်ယောက်လား။ မင်း မပါဘူး။ ငါဘဲ တဲ့။ အားရတယ်ကွာ။ ငါတို့လင်မယားနှစ်ယောက်လား မင်းမပါဘူး ငါဘဲတဲ့။ အဲလောက် နှမျှောတာ။ မစ္ဆရိယကောသိယသူဌေး။
အဲဒါ မြတ်စွာဘုရားက သူ့ကိုချွတ်ရမှာက မြင်တယ်။ ရှင်မောဂ္ဂလာန်ကိုသွားမုန့်အလှူခံလွှတ်တော့တာ။ အလှူခံချေ။ ဈာန်နဲ့ကြွသွားတော့တာ။ ဘုံခုနစ်ဆင့်အပေါ်ဆုံးအထပ်မှာလူမြင်မှာစိုးလို့ အထက်ဆုံးမှာသွားကြော်တာ။ အောက်မှာဆို လူမြင်မှာစိုးလို့။ အလှူခံရပ်နေတာ။ ကိုယ်တော်ဘယ် လောက်ပါ့ရပ်ရပ် ငါမလှူဘူးတဲ့။ ဘယ်လောက်ပါ့ရပ်ရပ်။ မလှူရင် ငါမသွားဘူးတဲ့။ မသွားဘူးတဲ့။ မသွားဘဲနေတော့တာ။ ဘယ်လိုပါ့လုပ်လုပ် ငါမကြွဘူး။ ရှင်မရေ ဒီကိုယ်တော်ဟာ ကြွမှာမဟုတ်ဘူး။ သွားသွားသျှားရွက် ခူးချေစမ်း။ သျှားရွက် သျှားရွက် ဆိုတာ သေးသေးလေး။လက်သည်းခွံလောက်ပါ့ မရှိ။ သေးသေးလေး။ သူ့လက်ထဲရောက်တော့ အကြီးကြီး ဖြစ်သွားတော့တာ သျှားရွက်က။ မုန့်ကသေးသေး ထည့်ကြော်တာ အကြီးကြီးဖြစ်သွားတော့တာ။ မုန့်တွေက အဲဒါနဲ့ ကဲ ဒီကိုယ်တော်ဟာ။ မုန့်တွေ ခွာတာ ခွာလို့ကမရပြီ။ လှူရလောင်းရအောင်လို့ခွာတာ ခွာလို့ကမရ။ မုန့်ဗန်းပါ ချီပြီးတော့ မြတ်စွာဘုရားကျောင်းကို ခေါ်သွားတော့တာ။ ကျောင်းတော်ရောက်တော့ သံဃာ ငါးရာကို ပင့်ပြီးတော့ မုန့်ဆီကြော်ဆွမ်းကပ်တာဗျား သံဃာတွေ အဝ ဘုဉ်းပေးတာ သံဃာအပါး ငါးရာ။ မုန့် ဆီကြော်ဆွမ်းကပ်တာ သူဌေးကြီး မြင်လား။ မြင်တယ်။ စားတာ မြင်တယ်။
ကဲ အဲဒီမှာ သူဌေးကြီး မုန့်ဗန်းလျော့လား။ မလျော့ဘူး တဲ့။ကုသိုလ်ဆိုတာ လျော့တဲ့အမျိုးမဟုတ်ဘူးတဲ့။ အကုသိုလ်ကသာ ဒါ အရင်ဝင်ရင် ကုသိုလ်လျော့တော့တာတဲ့။ အကုသိုလ်ဝင်ရင် ကုသိုလ်လျော့တော့တာ။ အဲဒါ ယုံကြည်လို့ အဲဒီနေ့ကစ မစ္ဆရိယကောသိယသူဌေး ကျွတ်သွားတာ။ ကြားလား။ အဲဒါ ယုံကြည်ဖို့ မကောင်းလား။ ကဲ အခုလည်း ကိုယ့်ကို ကပ်တာ။ ကိုယ်က တစ်ဆင့် ကပ်လိုက်တာ။ ဟော တိုးလာတော့တာ။ မတိုးဘူးလား။ တစ်ကြိမ်က နှစ်ကြိမ် နှစ်ကြိမ်က သုံးကြိမ်။ ကုသိုလ်တွေ တိုးနေတာဗျား။ လူတွေ က အဲဒါမသိ။ ငါသူ့ရည်မှန်းလိုက်ပါတယ် ဆိုသကိုးကွာ။ ဟိုလူ့စွန့်တာ ငါမကျေနပ်တာတဲ့။ မလာဘူးလား။ ဟင် အဲဒီလို။ စဉ်းစားကြ။ ထိထိမိမိလေ့လာ။ ဒါ ကျွေးချင်တာ မွေးချင်တာ လူ နတ် ဗြဟ္မာလား စေတနာလား။ အဲသည် စေတနာနဲ့ သဟဇာတ ဖြစ်တဲ့ စိတ္တဇ ဝါယော က ရုပ်တရားမရလား။ နာမ်ရုပ် နှစ်ပါးကွဲ့။ လူလား။ နာမ်နှင့် ရုပ် လား။ နတ်လား နာမ်နှင့် ရုပ် လား။ ဗြဟ္မာလား နာမ်နှင့် ရုပ် လား။ ဒီလိုဆို လူစွဲဒိဋ္ဌိ၊နတ် စွဲဒိဋ္ဌိ၊ ဗြဟ္မာစွဲ ဒိဋ္ဌိ မပြုတ်လား။ ဒိဋ္ဌိပြုတ်ရင် ဗြဟ္မာကြီးလေးဦးက ဖန်ဆင်းတယ်။ ထာဝရဘုရားက ဖန်ဆင်းတယ်၊ ဗိဿနိုးနတ်ဖန်ဆင်းတယ် ယူဦးမလား။ ဝိစိကိစ္ဆာမချုပ်လား။ အာသဝအနေနဲ့ ဒိဋ္ဌာသဝနဲ့ အဝိဇ္ဇာသဝ ချုပ်တယ်ဗျား။
အာသဝ အနနဲ့ ဒိဋ္ဌာသဝနဲ့ အဝိဇ္ဇာသဝ ချုပ်တယ်။ ဆက်ပြီးကြည့်တော့ နာမ်ရုပ်တရား နှစ်ပါးက ရုပ်တရားက ဖောက်ပြန်ပြီးတော့ ပျက်။ နာမ်တရားလည်း သိပြီးတော့ ပျက်။ ဖြစ်ပျက်လို့ မဟောလား။ နိစ္စလား။ အနိစ္စလား။ အနိစ္စ မမြဲခြင်းတရားသည် ချမ်းသာတဲ့ တရားလား။ ဆင်းရဲတဲ့ တရားလား။ ဆင်းရဲတဲ့တရားကို သုခလို့ခေါ်မလား၊ ဒုက္ခလို့ခေါ်မလား။ ဤဒုက္ခတရားကို ပိုင်သူရှိရဲ့လား။ သတ္တဝါအလိုသို့ လိုက်ကဲ့လား။ အကြိုက်သို့ ပါရဲ့လား။ အနတ္တလို့ မဟောလား။ကဲ အနိစ္စ၊ဒုက္ခ၊အနတ္တတွေ့တယ်နော်။ အဲလို စိစစ်ဖို့မကောင်းလား။ ကဲ အနိစ္စတရားနဲ့ နာမ်ရုပ်နဲ့ ပိုင်းခြားဖို့လိုတယ်။ ဒုက္ခတရားနဲ့ နာမ်ရုပ်နဲ့ ပိုင်းခြားဖို့လိုတယ်။ အနတ္တတရားနဲ့ နာမ်ရုပ်နဲ့ ပိုင်းခြားဖို့လိုတယ်။ အနိစ္စတရားတွေ့တဲ့အခါ နာမ်ရုပ်တွေ့သေးရဲ့လား။ ဒုက္ခတရားတွေ့တဲ့အခါ နာမ်ရုပ်တွေ့သေးရဲ့လား။ အနတ္တတရားတွေ့တဲ့အခါ နာမ်ရုပ်တွေ့သေးရဲ့လား။တီရဏပရိညာ။ နာမ်ရုပ်တွေ့တဲ့အခါ လူနတ်ဗြဟ္မာတွေ့ရဲ့လား။ ညာတပရိညာ။ အဲသည့် ညတပရိညာမပါလို့ ဆန္နရဟန်း လေးဆယ့်ငါးနှစ် အားထုတ်တာ ဒိဋ္ဌိပြုတ်ရဲ့လား။ အဲဒါ ဖြစ်၊ ပျက်တော့ လုပ်တာပဲ။ အနိစ္စ၊ဒုက္ခ၊အနတ္တ။ဒိဋ္ဌိကမပြုတ်။ ငါမပြုတ်တဲ့အခါ ကဲတဏှာသတ်ဖြစ်သွားတာပေါ့။ ငါ ပြုတ်ဖို့ အရေးကြီးတယ်နော်။
အဲလို စိစစ်ဖို့မကောင်းလား။ ကဲ အနိစ္စ၊ဒုက္ခ၊အနတ္တ တွေ့တဲ့အခါ နာမ်ရုပ်မတွေ့။ နာမ်ရုပ်ကိုတွေ့တဲ့အခါ လူ၊နတ်၊ဗြဟ္မာမတွေ့။ ဉာတပရိညာ။ တွေ့တာက နာမ်နဲ့ရုပ်။ထင်တာက လူ၊နတ်၊ဗြဟ္မာ။ တွေ့တာက နာမ်နဲ့ရုပ်။ အနိစ္စ၊ဒုက္ခ၊အနတ္တတွေ့တဲ့အခါ နာမ်နဲ့ရုပ်မတွေ့။ တွေ့တာအနိစ္စတွေ့တယ်၊ ဒုက္ခတွေ့တယ်၊ အနတ္တတွေ့တယ်။ တီရဏပရိညာ။ အနိစ္စ၊ဒုက္ခ၊အနတ္တ။စုလိုက်တော့ ဖြစ်ပျက်လို့ မဟောလား။ ဘာသစ္စာလဲ။ ဒုက္ခသစ္စာ။ ဒုက္ခသစ္စာအမှန်သိတာ ယထာဘူတဉာဏ်လို့မဟောဘူးလား။ ဆင်းရဲတာကလွဲလို့ ခန္ဓာမှာ ဘာများရှိသေးသလဲ။ ဆင်းရဲတာကလွဲလို့ မတွေ့ဘူးနော်။ ဒါအမှန်အတိုင်းသိတာ ယထာဘူတဉာဏ်ပေါ့။ ဒုတိယ ဆက်ပြီးတော့ကြိုးစား၊ ဖြစ်၊ပျက်ပဲမတွေ့လား။ ဘာသစ္စာလဲ။ သြော် ဒုတိယ ဒုက္ခသစ္စပေါ့၊ ကဲ ဒုတိယကျတော့ အသိဉာဏ်က ရင့်လာပြီ။ ခန္ဓာက လွတ်ချင်တဲ့စိတ်တွေ ကျွတ်ချင်တဲ့စိတ်တွေ မပေါ်လား။ နိဗ္ဗိန္ဒဉာဏ်လို့မဟောလား။ဟော ခန္ဓာကလွတ်ချင်တဲ့စိတ်၊ ကျွတ်ချင်တဲ့စိတ်တွေပေါ်ပြီနော်။ နိဗ္ဗိန္ဒဉာဏ်။ အဲသည့်ပုဂ္ဂိုလ်ဟာ အပြောအဆို၊ အနေအထိုင်တွေ အခါတိုင်းနဲ့ တူရဲ့လား။ အင်မတန် နူးညံ့သိမ်မွေ့ သွားပြီနော်။ လောကကြီးကို ပျင်း၊မုန်း၊ငြီးငွေ့ပြီ၊ ကြားလား။ အပြောအဆို၊ အနေအထိုင်တစ်မျိုးပြောင်းလာတယ်။
 အနေအထိုင်တွေ ပြောင်းလာတယ်။ နိဗ္ဗိန္ဒဉာဏ်။တတိယဆက်ပြီးတောကြိုးစား။ ဖြစ်ပျက်ပဲ မတွေ့လား။ ဘာသစ္စာလဲ။ ဒုက္ခသစ္စာ။ သြော်ဒုက္ခသစ္စာပဲ တွေ့တယ်နော်။ ခြေစခေါင်းဆုံးတစ်ကိုယ်လုံး ရှာချင်သလိုရှာ သုခဆိုတာ အပ်ဖျားတစ်ထောက်စာမျှ တွေ့ရဲ့လား။ တစ်ထောက်စာအပ်ဖျား တစ်ထောက်စာမျှ သုခမတွေ့တာရှိလို့လား၊ မရှိလို့လား။ မရှိရင်ဒုက္ခအတိလို့ မပိုင်းခြားလား။ ပိုင်းခြားလိုက်တဲ့အချိန် သမ္မာဝါစာ-သမ္မာကမ္မန္တ-သမ္မာအာဇီဝ သီလမဂ္ဂင် သုံးပါးမဝင်လား။ ရူဉာဏ် ငါးပါးနဲ့ပေါင်းလိုက်တော့ ရှစ်ပါးမပြည့်လား။ ရှစ်ပါးပြည့်တဲ့အချိန် ခန္ဓာငါးပါး တွေ့သေးရဲ့လား။ ဖြစ်ပျက်ကား တွေ့သေးရဲ့လား။ လောကုတ္တရာလို့မဟောလား။ အဲဒါ သမုစ္ဆေဒသီလ။ကဲ ဘယ်လောက်များအားရစရာကောင်းသလဲ။ သောတာပတ္တိမဂ်-သောတာပတ္တဖိုလ် ဘာတွေဘယ်တာလဲ စိစစ်ဖို့ မကောင်းလား။ အနုသယကိလေသာပယ်တာ။ ဘယ်အနုသယလဲ။ ဒိဋ္ဌိ-ဝိစိကိစ္ဆာဆိုတဲ့ အနုသယကိလေသာ ပယ်တော့ ပရိယုဌာန မနာကံလာသေးရဲ့လား။ မနာကံမလာတော့ ဝိတိက္ကမ-ကာယကံ၊ဝစီကံလာသေးရဲ့လား။ မလာရင် အပါယ်သွားတဲ့ ကံတွေမကုန်လား။ အပါယ်ခန္ဓာဇာတ် မသိမ်းလား။ ပဟာနပရိညာ။ဉာတပရိညာ တီရဏပရိညာ ပဟာနပရိညာ။ဤဉာဏ် သုံးဉာဏ်ရတဲ့ပုဂ္ဂိုလ် အနမတဂ္ဂသံသရာကစ ပါဏာတိပါတာ ကံနဲ့ အသက်မွေးခဲ့တာ၊ အဒိန္နာကံနဲ့ အသက်မွေးခဲ့တာ၊
ကာမေသုမိစ္ဆာစာရကံနဲ့ အသက်မွေးခဲ့တာ၊ မုသာဝါဒကံနဲ့ အသက်မွေးခဲ့တာ၊ သုရာမေရယကံနဲ့ အသက်မွေးခဲ့တာ ၊အကုသိုလ် ကံဟောင်းကြွေးဟောင်း အနန္တတွေ အကျိုးပေးခွင့်ရသေးရဲ့လား။ အကုန်လုံး အဟောသိကံဖြစ်မသွားလား။ ဤနေရာရောက်အောင် ကြိုးစားအားထုတ်ဖို့ လိုတယ်နော်။ သိမှ ပယ်တာ၊မသိ ပယ်နိုင်ပါ့မလား။ ကဲ သီရိဓမ္မာသောကမင်းကြီးတို့ ဒါနအရာမှာ ရှာရင်ရှား။ သီလဘက်က ရှာရင်ရှား ၊ သေခါနီးဆဲဆဲမှာ သူ့စိတ်ထဲမှာကုက္ကုစ္စနီဝရဏ ဝင်ပြီးတော့၊ သံသယတွေဖြစ်ပြီးတော့ မောဟစိတ်နဲ့ ဝိညာဏ်ချုပ်သွားတာ အပါယ်လေးရွာမှာစပါးကြီးမြွေ သွားဖြစ်ရတယ်။ ကဲ သူလှူခဲ့တဲ့ ဒါနကိုလည်း သတိမရ ၊ထိန်းသိမ်းခဲ့တဲ့ သီလကိုလည်း သတိမရ။ လှူခဲ့ဒါန်းခဲ့တဲ့ ဒါနကိုသတိရမယ်၊ သီလကိုသာသတိရမယ်ဆိုရင် နတ်ပြည်မှာ နံပါတ်တစ်ပေါ့ကွဲ့။ အခုတော့ သားတော် မဟိန္ဒ၊ သမီးတော် သင်္ဃာမိတ္တက အာသဝေါကုန်ပြီးသား ရဟန္တာတွေမို့လို့ ဖခမည်းတော် သတ္တဝါတွေ ဖမ်းမယ်၊ စားမယ်၊ မျိုမယ်ဆိုရင် အပါယ်ကျတော့မှာ၊ ငရဲရောက်တော့မှာ။ ငရဲရောက်ခါ ငါတို့မတတ်နိုင်ဘူး။ အဲဒါ လူ့စိတ်က မဖျောက်သေးတော့ သတိရပြီးတော့ မဖမ်း၊ မစားတော့ကာ အစာပြတ်ပြီးတော့ မသေဘူးလား။ အဲဒီမှာ နတ်ပြည်မှာ သွားနတ်သားဖြစ်တာ။ ခုနှစ်ရက်လောက်တော့ ခံလိုက်ရသေးတယ်။
သားတွေ၊ သမီးတွေက သတိပေးလို့ သတိမပေးရင် ငရဲကျမှာပေါ့။ အဲလို စိစစ်ဖို့မကောင်းလား။ အင်္ဂုလိမာလကြီးကျ လူသတ်ယောင်္ကျားကြီး။ အပြစ်မကြီးဘူးလား။ တိရစ္ဆာန်သတ်တာထက် အပြစ်ကြီးတယ်နော်။ သစ္စာတရား၊ ခန္ဓာတရား ၊ပဋိစ္စသမုပ္ပါဒ်တရားကို မြတ်စွာဘုရားဟောတဲ့အခါ။ ဟော- သောတာပန်မတည်ဘူးလား။ လူသတ်သေးသလား။ ဆက်ပြီးတောကြိုးစားခါ သကဒါဂါမ်၊အနာဂါမ်ရဟန်းကိစ္စမပြီးလား။ သူပြုတဲ့ကုသိုလ်ကံတွေ အကျိုးပေးခွင့် ရသေးရဲ့လား။ အဲသလိုဖြစ်တော့ သက္ကာယဒိဋ္ဌိပြုတ်ဖို့ အဓိကပဲနော်။ အဲဒါသိအောင် ကြိုးစားကြ။ ကဲကြားဆဲ ခန္ဓာက ဖြစ်ပျက် ဘာသစ္စာလဲ။(ဒုက္ခသစ္စာပါဘုရား)
သိတာက။ (မဂ္ဂ သစ္စာပါဘုရား)
သေတာက။ (သမုဒယ သစ္စာပါဘုရား)
နောက် ခန္ဓာမလာတာက၊
(နိရောဓ သစ္စာပါဘုရား)
 ပဋိစ္စသမုပ္ပါဒ် အကွက်ဘယ်နှစ်ကွက်ရှိ။
(လေးကွက်ရှိပါတယ်ဘုရား) တစ်ကွက်လျှင်ဘယ်နှစ်ပါး။(ငါးပါးပါဘုရား)
 ငါးလေးလီ
(နှစ်ဆယ်)

ဤရှစ်သွယ်ကို
အလွယ်ကျက်မှတ် သိစေအပ်သည်
သံသရာမှ လွတ်ကြောင်းတည်း။
(သာဓု သာဓု သာဓု)

ကျေးဇူးတော်ရှင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ
မုံလယ်ဆရာတော်ဘုရားကြီး
၁၅.၅.၂၀၀၅၊နေ့(၂) နာရီ
အချိန် အမေရိကန်တွင်ဟောကြားတော်မူသော တရားတော်www.myatdhamma.md93.orgyawatawuntho@gmail.com

No hay comentarios.:

Publicar un comentario